ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရွေးကောက်ပွဲမတိုင်မီ ငြိမ်းချမ်းရေးထိန်းသိမ်းရန်အတွက် စစ်တပ်ကိုဖြန့်ကျက်ချထား
Pika (NSS) - ဇန်နဝါရီ ၄
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အဓိကအတိုက်အခံပါတီက သပိတ်မှောက်နေသည့် ရွေးကောက်ပွဲမတိုင်မီ အကြမ်းဖက်မှုများရှိလာမည်ကို စိုးရိမ်မှုများရှိနေသည့်အတွက် ဇန်နဝါရီလ(၃)ရက်တွင် နိုင်ငံတစ်ဝှမ်း တပ်ဖွဲ့ဝင်များကို ဖြန့်ကျက်ချထားခဲ့ကြောင်းသိရသည်။
ဒါကာမြို့တစ်ဝှမ်းတွင် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးထိန်းသိမ်းနိုင်ရန်အတွက် စစ်သားများသည် သံချပ်ကာယာဉ်များဖြင့် ကင်းလှည့်မှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဘင်္ဂလားဒေ့ရှ်အမျိုးသားရေးပါတီ(BNP)သည် ဝန်ကြီးချုပ်ရှိတ်ဟာစီနာအား ရာထူးမှနှုတ်ထွက်ရန်နှင့် ရွေးကောက်ပွဲကို ကျင်းပရန်အတွက် ကြားနေအာဏာပိုင်တစ်ဦးအား အာဏာလွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြောင်းလည်းသိရသည်။
သို့သော်လည်း အဆိုပါတောင်းဆိုချက်များကို ရှိတ်ဟာစီနာက ငြင်းဆန်ပယ်ချခဲ့ပြီးနောက် (BNP)ပါတီသည် ဇန်နဝါရီလ(၇)ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်အောက်တိုဘာလနှောင်းပိုင်းကတည်းက ဒါကာမြို့တွင်ဖြစ်ပွားခဲ့သော အနည်းဆုံးလူ(၁၀)ဦးသေဆုံးစေခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို လှုံ့ဆော်ပေးခဲ့သည့်အတွက် (BNP)ပါတီကို ရှိတ်ဟာစီနာက အကြိမ်ကြိမ်ပြစ်တင်ရှုတ်ချခဲ့ကြောင်းလည်းသိရသည်။
တပ်ဖွဲ့ဝင်များသည် မဲရုံအရာရှိများ၏ တောင်းဆိုမှုများရှိလာမှသာ ၎င်းတို့၏တာဝန်အတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း စစ်တပ်ကပြောကြားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ကမ်းရိုးတန်းခရိုင်နှစ်ခုတွင် တပ်စွဲထားပြီး လေတပ်သည် ဝေးလံခေါင်သီသော တောင်ကုန်းဒေသများရှိ မဲရုံများအတွက် ရဟတ်ယာဉ်အကူအညီများပေးသွားမည်ဖြစ်ကြောင်း စစ်တပ်ကပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများ ရွေးကောက်ပွဲအပြီးတွင် ပြန်လည်ဖြစ်ပွားလာမည်ကို လူအများအပြားက စိုးရိမ်နေကြကြောင်းလည်းသိရသည်။
အသက်(၄၈)နှစ်အရွယ် Abdul Hamid က"ဘယ်ပါတီက အာဏာရမလဲဆိုတာကို ကျွန်တော်ဂရုမစိုက်ပါဘူး။ မိသားစုကို ဝင်ငွေနဲ့ ကျွေးမွေးနိုင်ဖို့အတွက် ငြိမ်းချမ်းရေးကိုပဲ ကျွန်တော်လိုချင်ပါတယ်။ ရွေးကောက်ပွဲပြီးရင် ငြိမ်းချမ်းမှုတွေရှိလာမယ်လို့ ကျွန်တော်မထင်ပါဘူး။ နိုင်ငံရေးတွေ မငြိမ်မသက်ဖြစ်နေရင် ကျွန်တော်တို့အတွက် အသက်ရှင်သန်ဖို့ခက်ခဲပါတယ်။ ဒါက နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး တကယ်ကို စိတ်ရှုပ်ထွေးရပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့်အနာဂတ်နှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်မချရသေးကြောင်း ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ