လူမျိုးကိုအခြေခံသော ဖက်ဒရယ်စနစ်အစား ဒေသကိုအခြေခံသည့်စနစ်ကို အဓိက ဦးတည်ဆောင်ရွက်ရမည်ဟု တပ်ချုပ်ပြော
မျိုးကြီး (NP News) - ဇန်နဝါရီ ၄
လူမျိုးကို အခြေခံသော ဖက်ဒရယ်အစား ဒေသကို အခြေခံသည့်ဖက်ဒရယ်စနစ်ကို အဓိကဦးတည်ဆောင်ရွက်ရမည်ဟု နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
၎င်းက ယနေ့(ဇန်နဝါရီလ ၄ ရက်)တွင် ကျရောက်သည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားထားခြင်းဖြစ်သည်။
“ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို တည် ဆောက်ရာတွင် လူမျိုးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ဆောင်ရွက်ခြင်းမဟုတ်ဘဲ ဒေသကိုအခြေခံသည့်စနစ်ကို အဓိက ဦးတည်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုအား တည်ဆောက်ရာတွင် ဦးဆောင်သူ၊ အကောင်အထည် ဖော်ဆောင်ရွက်သူ၊ လိုက်နာကျင့်သုံးသူများအားလုံးသည် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စဉ်းစားတွေ ခေါ်မှုစွမ်းရည်များနှင့် ပြည့်စုံရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် နိုင်ငံတော်အတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်သော ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်းဆောင်ရွက်ပေးရမည်ဟု တပ်ချုပ်က ထပ်မံပြောသည်။
“လက်ရှိ လက်နက်ကိုင်ပဋိပက္ခ၊ လူမျိုးအခြေပြုတဲ့ လက်နက်ကိုင်အဖွဲ့၊ လက်နက်ကိုင်မဟုတ်တဲ့ နိုင်ငံရေးနဲ့ သွားတဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအားလုံးက အဲဒီအသုံးအနှုန်းနဲ့ပတ်သက်လို့ သုံးသပ်ခိုင်းရင် လက်ခံမယ်မထင်ဘူး။ လက်ခံမယ် မထင်ဘူးဆိုတာက လူထုကိုယ်တိုင်ကလက်ခံမယ်မထင်ဘူး။ အဲဒါတွေက စောတယ်ဗျ။ ဒီကာလမျိုးမှာ ဒေသကိုအခြေပြုတယ်ဆိုတဲ့ဟာကို သုံးနှုန်းရင် ဖြစ်လာမယ့် အကျိုးဆက်တွေကို သေချာပြန်လည်သုံးသပ်ပြီးမှ ချမှတ်သင့်တယ်လို့ ထင်တယ်။ အကောင်းထက် မကောင်းတာများမယ်ထင်တယ် ကျွန်တော့်သုံးသပ်ချက်လေ။ အဲဒီလိုသွားမယ်ဆိုရင် အခု လက်ရှိဖြစ်နေတဲ့အခင်းအကျင်းပေါ်မှာ မီးလောင်ရာ လေပင့်သလိုဖြစ်သွားနိုင်တယ်”ဟု ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားသည်။
လက်ရှိအခြေအနေတွင် ပြည်ထောင်စုကို တည်ဆောက်ရာ၌ လူမျိုးကိုအခြေခံသည့်ဖက်ဒရယ်စနစ်အစား ဒေသကိုအခြေခံသည့်ဖက်ဒရယ်စနစ်အကြောင်းကို မပြောဆိုသင့်သေးကြောင်း ဒေါက်တာအေးမောင်က ပြော သည်။
“အဲဒီအသုံးအနှုန်းကို သတိထားဖို့လိုတယ်။ တိုင်းရင်းသားတွေက သူ့လူမျိုးရှိလို့ သူ့လက်နက်ကိုင်အဖွဲ့အစည်းပေါ်လာတာဗျ။ လူမျိုးကို ဖျောက်လို့မရပါဘူး။ သမိုင်းတာဝန်က လူမျိုးတိုင်းမှာရှိတယ်။ ဖြတ်သန်းလာတဲ့သမိုင်းတွေကို သင်ခန်းစာ ယူတဲ့သူတွေလည်း ရှိတယ်”ဟု ဒေါက်တာအေးမောင်က ဆက်လက်ပြောသည်။
လတ်တလောကာလတွင် နိုင်ငံအတွင်း၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ PDF အဖွဲ့များနှင့် တပ်မတော်တို့ကြား တိုက်ပွဲများဖြစ်ပွားနေ လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းငါးဖမ်းသင်္ဘောပေါ်တွင်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ပိုက်ကွန်ကြိုးနှင့်ရစ်ပတ်မိ၍ သေဆုံးခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ