လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် လူထုကို လိမ်ညာနေကြမည့်အစား ရိုးသားပေးကြရန် IBEC ဆရာတော်နှင့်အတူ ကျောင်းသား(၆၅၀၀) ကျော် တောင်းဆို
မျိုးကြီး (NSS) - ဇန်နဝါရီ ၁
နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် လူထုကို လိမ်ညာနေကြမည့်အစား ရိုးသားပေးကြရန် IBEC ဆရာတော်နှင့်အတူ ကျောင်းသား (၆၅၀၀)ကျော်က တောင်းဆိုလိုက်သည်။
ယနေ့(ဇန်နဝါရီလ ၁ ရက်)တွင် စစ်ကိုင်းတောင်၊ IBEC ကျောင်းတိုက်၌ ကျင်းပသော စုံညီပွဲတော်အခမ်းအနားတွင် ဆရာတော်ဦးသောဘိတနှင့်အတူ ကျောင်းသား၊ ကျောင်းသူ (၆၅၀၀)ကျော်က တောင်းဆိုခဲ့ခြင်းဖြစ် သည်။
တိုင်းပြည်အတွင်း၌ လက်နက်ကိုင်အဖွဲ့အသီးသီးအနေဖြင့် မြို့ရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူအချင်းချင်းကို သတ်ဖြတ်၊ ရဟန်းသံဃာများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို သတ်ဖြတ်ခြင်းနှင့် စာသင်ကျောင်းများကို ဖျက်ဆီးနေသော အကြမ်းဖက်လုပ်ရပ်များကို လက်မခံကြောင်း IBEC ကျောင်းတော်က ကြေညာခဲ့သည်။
“မြန်မာနိုင်ငံအတောအတွင်းမှာ ရှိနေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး လူထုကို လိမ်ညာနေကြမယ့်အစား ရိုးသားပေးကြပါ။ မြန်မာနိုင်ငံတော်အတောအတွင်းမှာ ရှိနေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီး လူထုကို ဖျက်ဆီးသတ်ဖြတ်နေမယ့်အစား မေတ္တာတရားတွေနဲ့ နိုင်ငံကို ပြန် လည်တည်ဆောက်ပေးကြပါ” ဟု ကမ္ဘာ့ငြိမ်းရေးသံတမန်၊ IBEC ဆရာတော်ဦးသောဘိတက ဦးဆောင်တောင်းဆိုကာ မိန့်ကြားခဲ့သည်။
ထို့ပြင် နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအနေဖြင့် တော်လှန်ရေး၊ စစ်ရေးကို အကြောင်းပြကာ မြို့ရွာများကို ဖျက်ဆီးနေကြမည့်အစား အနာဂတ်ကို တည်ဆောက်ပေးရန်လည်း ထပ်မံတောင်းဆိုခဲ့သည်။
“ကမ္ဘာတစ်ခွင်နဲ့အတူ မြန်မာပြည်က လက်နက်ကိုင်အသီးသီးကို စစ်ပွဲတွေ ရပ်ပေးကြဖို့၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာတွေ ရပ်ပေးကြဖို့၊ နိုင်ငံ့ဝန်ထမ်းအပါအဝင် ရဟန်းသံဃာတော်များ၊ ကျောင်းသား၊ ကျောင်းသူများနဲ့ ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများကို သတ်ဖြတ်နေမှုတွေ ရပ်ဆိုင်းပေးကြဖို့အတွက် IBEC ကျောင်းတော်က ငြိမ်းချမ်းရေးအသံအဖြစ် တောင်းဆိုပါရစေ”ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသည် အကြမ်းဖက်လက်နက်ကိုင်ပဋိပက္ခများကြောင့် မျှော်လင့်ချက်သေဆုံးနေကြောင်းလည်း ဆရာတော်က ဆက်လက်မိန့်ကြားထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်ခဲ့သော ပဋိပက္ခများကြောင့် ရဟန်းသံဃာ (၉၂)ပါးအပါအဝင် ပြည်သူလူထုဦးရေ (၆၇၀၀) ကျော် အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည်။
အလားတူ နိုင်ငံအတွင်း၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များကြား ဖြစ်ပွားသည့်တိုက်ပွဲများကြောင့် လွိုင်ကော်မြို့၊ လောက်ကိုင်မြို့၊ ပေါက်တောမြို့အပါအဝင် အခြားသောမြို့များနှင့် ကျေးရွာအများအပြားများသည် မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မင်္ဂလာဒုံမြို့နယ်တွင် စကားများရန်ဖြစ်ရာမှ အမျိုးသားတစ်ဦးဓားခုတ်ခံရ၍ ဒဏ်ရာပြင်းထန်စွာရရှိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ