၂ဝ၂၃ ခုနှစ်က အနောက်ဘက်ကမ်းခြေရှိ ကလေးငယ်များအတွက် အသေအပျောက် အများဆုံးနှစ်တစ်နှစ်ဖြစ်ကြောင်း UNICEF ပြော
Pika (NSS) - ဇန်နဝါရီ ၁
၂ဝ၂၃ ခုနှစ်သည် အနောက်ဘက်ကမ်းခြေရှိ ကလေးငယ်များအတွက် စံချိန်တင် အသေအပျောက် အများဆုံး နှစ်တစ်နှစ်ဖြစ်ကြောင်း ကုလသမဂ္ဂ၏ကလေးသူငယ်များဆိုင်ရာအေဂျင်စီ UNICEF က ပြောကြားခဲ့သည်။
၂ဝ၂၃ ခုနှစ်အတွင်း အနောက်ဘက်ကမ်းခြေတွင် အစ္စရေး-ဟားမက်ပဋိပက္ခနှင့်ဆက်နွယ်နေသည့် အကြမ်းဖက်မှုများ တိုးလာနေကြောင်း ဒီဇင်ဘာလ(၂၈)ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် UNICEF က ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်(၁၂)ပတ်အတွင်း အနောက်ဘက်ကမ်းခြေတွင် ကလေးငယ်(၈၃)ဦး အသတ်ခံခဲ့ရပြီး ၂ဝ၂၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ကိန်းဂဏန်းများနှင့် နှိုင်းယှဉ်မည်ဆိုပါက နှစ်ဆကျော်တိုးလာခဲ့ကြောင်း UNICEF က ဖော်ပြခဲ့သည်။ UNICEF က "အရှေ့ဂျေရုစလင် အပါအဝင် အနောက်ဘက်ကမ်းခြေမှာ နေထိုင်ကြတဲ့ ကလေးငယ် တွေဟာ အကြမ်းဖက်မှုတွေကို နှစ်ပေါင်းများစွာကြုံတွေ့လာခဲ့ရပါတယ်။ အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားခဲ့တဲ့ အောက်တိုဘာလ(၇)ရက်နောက်ပိုင်း ဒီအကြမ်းဖက်မှုတွေရဲ့ပြင်းထန်မှုတွေ သိသိသာသာတိုးလာခဲ့ပါတယ်" ဟု ပြောခဲ့သည်။
UNICEF ၏ ထုတ်ပြန်ချက်တွင် ကလေးသူငယ်များ၏ အခွင့်အရေးများကို ချိုးဖောက်မှုများ အထူးသဖြင့် သတ်ဖြတ်ခြင်းများ နှင့် ကိုယ်လက်အင်္ဂါချို့ယွင်းအောင်လုပ်ဆောင်မှုများကို ပြစ်တင်ရှုတ်ချထားသလို ကလေးငယ် များ၏ အသက်ရှင်နေထိုင်ရန် အခြေခံအကျဆုံးအခွင့်အရေးကို ကာကွယ်ကြရန် တိုက်တွန်းထားကြောင်းလည်း သိရသည်။
ယခုနှစ်အတွင်း အနောက်ဘက်ကမ်းခြေတွင် အစ္စရေးလူငယ်(၆)ဦးအပြင် ပါလက်စတိုင်းကလေးငယ် အနည်းဆုံး (၁၂၈)ဦး အသတ်ခံခဲ့ရကြောင်း UNICEF က ပြောကြားခဲ့သည်။
အနောက်ဘက်ကမ်းခြေတွင် ထိခိုက်ဒဏ်ရာရရှိသူ စုစုပေါင်းမှာ (၅၇၆)ဦး ရှိကြောင်းလည်း သိရသည်။ အနောက်ဘက်ကမ်းခြေတွင် တရားမဝင် သတ်ဖြတ်နေမှုများကို အဆုံးသတ်ရန် ယခုသီတင်းပတ်အစောပိုင်းတွင် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက အစ္စရေးတပ်ဖွဲ့များကို တိုက်တွန်းခဲ့ကြောင်း သိရသည်။
ထို့အပြင် လူဦးရေထူထပ်သော ဒုက္ခသည်စခန်းများကို လေကြောင်းမှတိုက်ခိုက်မှုများလည်း သိသိသာသာ တိုးလာနေကြောင်း လူ့အခွင့်အရေးရုံးက ထောက်ပြခဲ့သည်။ အနောက်ဘက်ကမ်းခြေတွင် လူ့အခွင့်အရေးအခြေ အနေများ ပိုမိုဆိုးရွားလာနေကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက သတိပေးပြောဆိုခဲ့သည်။
တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်နေစဉ်အချိန်အတွင်း စစ်လက်နက်အသုံးပြုမှုများ၊ ပါလက်စတိုင်းလူမျိုးများကို တရားမဝင်ဖမ်းဆီးထိန်းသိမ်းခြင်း နှင့် နှိပ်စက်ခြင်းများကိုလည်း ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက တောင်းဆိုခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားနိုင်ငံနဲ့ ပြန်လည်ပေါင်းစည်းနိုင်ခြင်း ရှိ/မရှိ ဆိုတဲ့ကိစ္စကို မြောက်ကိုရီးယားခေါင်းဆောင် ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ