MNDAA အနေဖြင့် လောက်ကိုင်မြို့တွင်းရှိ တရုတ်နိုင်ငံသားအချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေကြောင်း နစကပြော
မြူနစ် (NSS) - ဒီဇင်ဘာ ၃၁
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA အနေဖြင့် လောက်ကိုင်မြို့တွင်းရှိ တရုတ်နိုင်ငံသားအချို့ကို လူသားတံတိုင်း သဖွယ်အသုံးပြုနေကြောင်း နစကပြောခွင့်ရက စွပ်စွဲပြောဆိုထားသည်။
နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် နိုင်ငံအတွင်းဖြစ်ပွားနေသည့်အခြေအနေများနှင့် ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အချို့သောသတင်းမီဒီယာများအနေဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားရန် ဦးတည်လုပ်ဆောင်မှု များရှိနေသော်လည်း လက်ရှိတွင် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံအစိုးရတို့သည် နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံ၊ လောက်ကိုင်ဒေသသို့ တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား (၁၂၃၁၆)ဦးကို နစကအစိုးရအနေဖြင့် တရုတ်နိုင်ငံသို့ ပြန်လည်အပ်နှံပေးထားကြောင်း သိရသည်။
“အားလုံးလည်း သိမြင်တဲ့အတိုင်း လောက်ကိုင်မြို့ မြို့တွင်းမှာဆိုရင် MNDAA ဟာ အရပ်ဝတ်တွေနဲ့ ဝင်ရောက် နေရာယူတာတွေ၊ လူနေအဆောက်အဦးတွေကို စစ်ရေးအရအသုံးပြုပြီး လူနေအဆောက်အဦးတွေကနေပြီး တပ်စခန်းတွေကို နှောင့်ယှက်ပစ်ခတ်တာတွေ နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ မိမိရဲ့တပ်တွေဟာ တပ်စခန်းတွေမှာပဲ ရှိပါတယ်။ မြို့တွင်းမှာတော့ MNDAA တချို့ ယူနီဖောင်းနဲ့ဖြစ်တယ်။ တချို့အရပ်ဝတ်နဲ့ နေထိုင်ပြီးတော့ တရုတ်နိုင်ငံသားတချို့ကို လူသားတံတိုင်းသဖွယ် အသုံးပြုနေတာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့နှစ်နိုင်ငံလုံးက ဂရုတစိုက်စောင့်ကြည့် တန်ပြန်ပူးပေါင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရက ဆိုသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း လောက်ကိုင်မြို့၊ တုံချိန်ဒေသရှိ Crown ဟိုတယ်ရှေ့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံသားအချို့ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
“ဒါ့အပြင် အွန်လိုင်းလိမ်လည်မှုမှာ ပတ်သက်နေတဲ့ တရုတ်နိုင်ငံသားတချို့ကို သူတို့ရဲ့ Eao နယ်မြေထဲကို အခကြေးငွေယူပြီး ထွက်ပြေးတိမ်းရှောင် ဖုံးကွယ်ထားတဲ့သတင်းတွေကို ရရှိပါတယ်။ ကျွန်တော်တို့လည်း သက်ဆိုင်ရာတွေကို သတင်းပေးပို့ပြီး ဖြစ်ပါတယ်။ ဒီအွန်လိုင်းလိမ်လည်မှုကိစ္စဟာ ကျွန်တော်တို့ သိမြင်တာတွေ ထက်၊ ထင်ထားတာထက်အများကြီး ရှုပ်ထွေးတဲ့ နက်နဲတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လောက်ကိုင်နယ်မြေအတွင်း၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့်အတွက် တရုတ်လူမျိုးများအနေဖြင့် ဘေးကင်းရာသို့ အမြန်ဆုံးထွက်ခွာနိုင်ရေး ကြော်ငြာစာများ၊ လက်ကမ်းစာများ ဖြန့်ဝေခြင်းအပြင် အသံချဲ့စက်ဖြင့် ပါ လိုက်လံအသိပေးနှိုးဆော်မှုများကို နေ့စဉ်ဆောင်ရွက်နေကြောင်း နစကမှ ဆိုသည်။
လက်ရှိတွင် လောက်ကိုင်ဒေသအတွင်း၌ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် တပ်မတော်လုံခြုံရေးအဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အုတ်ဖိုမြို့နယ်၌ ရာအိမ်မှူးနှင့် ၎င်းဇနီးဖြစ်သူကို PDF အဖွဲ့က သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ