စစ်ဘေးရှောင်ကလေးများပါ ပညာသင်ကြားခွင့်ရမည့် IBEC ကျောင်း၏ "လိုသမျှပေးပညာရေး"အစီအစဥ်ကိုဆက်သွယ်စာရင်းပေးထားသူ ရာနှင့်ချီရှိနေ
ကျော် (NSS) - ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်၌ ဖွင့်လှစ်ထားသည့် အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ဒုတိယနှစ်ဝက်ပညာသင်ကာလအတွက် "လိုသမျှပေးပညာရေး"အစီအစဥ်၌ တက်ရောက်သင်ကြားရန် ဆက်သွယ်စာရင်းပေးထားသူ ရာနှင့်ချီရှိနေကြောင်း IBEC ရုံးအဖွဲ့မှူးထံမှ သိရသည်။
IBEC ဆရာတော်၏ မိန့်ကြားချက်အရ စစ်ဘေးရှောင်ဒေသများရှိ စစ်ဘေးရှောင်ကလေးငယ်များ ပညာရေးတစ်ပိုင်းတစ်စမဖြစ်စေရေး၊ ပညာဆက်လက်သင်ကြားနိုင်စေရေးနှင့် ကျောင်းနေအရွယ်ကလေးများအားလုံးခွဲခြားမှုမရှိဘဲ လွတ်လပ်ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်ရေးတို့အတွက်ရည်ရွယ်၍ ဒီဇင်ဘာလ ၁၂ ရက်မှစတင်ကာ "လိုသမျှပေးပညာရေး"အစီအစဥ်ကို အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"စစ်ဘေးရှောင်နေရတဲ့ ဒေသတွေက ကလေးတွေ ပညာရေးနောက်မကျစေဖို့အတွက် ရည်ရွယ်ပြီး ဒီအစီအစဥ်ကို ဆရာတော်ကြီးရဲ့မိန့်မှာချက်အရ IBEC ရဲ့ဌာနမှူးတွေဦးဆောင်ပြီး ပညာရေးဘုတ်အဖွဲ့က အကောင်အ ထည်ဖော်ဆောင်ရွက်ခဲ့တာပါ။ လောလောဆယ် ဖုန်းတွေနဲ့ဆက်သွယ်ပြီး စာရင်းသွင်းကျောင်းအပ်ထားတဲ့ ကျောင်းသား/ကျောင်းသူ ရာကျော်ရှိပါတယ်။ ကျောင်းတော့လာမတက်နိုင်ကြသေးဘူးပေါ့။ သွားရေးလာရေးအဆင်မပြေသေးတဲ့အတွက် ရောက်မလာကြသေးတာပါ"ဟု IBEC ရုံးအဖွဲ့မှူး ဦးကိုကိုက NSS ကိုပြောသည်။
ထိုသို့ ဆက်သွယ်စာရင်းပေးသွင်းကျောင်းအပ်ထားကာ ရောက်ရှိလာခြင်းမရှိသေးသည့် ကျောင်းသား၊ ကျောင်း သူများအား စာမေးပွဲများဖြေဆိုရန် နီးကပ်လာပြီဖြစ်၍ ဒီဇင်ဘာလကုန်၌ နောက်ဆုံးထားကာ လာရောက်ကျောင်းတက်နိုင်ရေးအတွက် IBEC မှမေတ္တာရပ်ခံထားကာ လာရောက်နိုင်ခြင်းမရှိသေးပါကလည်း အတတ်နိုင်ဆုံးကူညီပေးသွားမည်ဟု ရုံးအဖွဲ့မှူးထံမှသိရသည်။
စစ်ဘေးရှောင်ဒေသများမှ ကလေးငယ်များအနေဖြင့် တိမ်းရှောင်နေရသည့်အချိန်ဖြစ်၍ ပညာရေးနှင့်ပတ် သက်သည့် အထောက်အထားစာရွက်စာတမ်းများမပါဝင်သည့် ကျောင်းသား၊ ကျောင်းသူများကို လက်ခံသင်ကြားပေးသွားမည်ဖြစ်သော်လည်း နယ်မြေဒေသအေးချမ်းချိန်၌ ကလေးငယ်များ၏ပညာရေးနှင့်သက်ဆိုင်သော အထောက်အထားစာရွက် စာတမ်းများကို ပြသပေးကြရန်လည်း IBEC ပညာရေးဘုတ်အဖွဲ့မှ မေတ္တာရပ်ခံထားကြောင်းသိရသည်။
"ပညာရေးကိုအနှောင့်အယှက်ပေးသူ၊ ပညာသင်ကြားခြင်းကိုမလိုလားသူတွေဟာ တိုင်းပြည်ကိုဖျက်ဆီးနေကြတာပဲဖြစ်ပါတယ်"ဟု IBEC ဆရာတော်က မိန့်ကြားထားတော်မူခဲ့ဖူးသည်။
လက်ရှိအချိန်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ ဒု တိယနှစ်ဝက်ပညာသင်ကာလအတွက် ကျောင်းတက်ရောက်နေပြီဖြစ်သည့် စစ်ဘေးရှောင်ဒေသများမှ ကျောင်းသား၊ကျောင်းသူများ၏ နေထိုင်စားသောက်မှုအား IBEC မှတာဝန်ယူပေးနိုင်ခြင်းမရှိသေး၍ ကျောင်းသား၊ကျောင်းသူများမှာ ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊သီလရှင်ကျောင်းများ၊အဆောင်များနှင့်ဆွေမျိုးမိတ်ဆွေများထံတွင်နေထိုင်ကာ ပညာဆက် လက်သင်ကြားနေကြကြောင်း သိရသည်။
"ကျွန်တော်တို့ဒေသမှာ တိုက်ပွဲတွေဖြစ်ပြီဆိုတာနဲ့ ချက်ခြင်း မိသားစုကိုခေါ်ပြီး ဒီဘက်ကိုပြေးလာတာ သမီးလေးရဲ့ ပညာရေးကဒီနှစ်တော့ သွားပြီလို့ထင်ထားတာ အဲဒီအချိန် IBEC က သူတို့ကျောင်းမှာ စစ်ဘေးရှောင်ဒေသတွေက ကလေးတွေကျောင်းတက်လို့ရတယ်ဆိုပြီး ကြော် ငြာလိုက်တော့ သွားစုံစမ်းကြည့်ပြီး တကယ်ဟုတ်နေတာနဲ့ အဲဒီမှာ ဒုတိယနှစ်ဝက်အတွက် ကျောင်းအပ်ခဲ့ပါတယ် အစစအရာရာအဆင်ပြေတယ်"ဟု ထီးချိုင့်ဒေသမှစစ်ဘေးရှောင်လာသူတစ်ဦးက NSS ကိုပြောသည်။
IBEC ၌ ၂၀၂၃-၂၄ ပညာသင်နှစ်၏ ဒုတိယနှစ် ဝက်ပညာသင်ကာလအတွက် ဆက်သွယ်စာရင်းပေးသွင်းတက်ရောက်နေသည့် စစ်ဘေးရှောင်ဒေသများမှ ကျောင်းသား၊ ကျောင်းသူ (၆၀)ဦးကျော်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကယ်ဒမီ မေသဉ္ဇာဦး၏ သားအကြီး ယာဥ်တိုက်မှုဖြင့် ကွယ်လွန်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း