မြောက်ကိုရီးယား၏ နျူကလီးယားဓါတ်ပေါင်းဖိုအသစ် ထပ်မံလည်ပတ်နိုင်ခြေနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း အမေရိကန်အစိုးရ ထုတ်ဖော်ပြောဆို
Pika (NSS) - ဒီဇင်ဘာ ၂၄
မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဓါတ်ပေါင်းဖိုအသစ် ထပ်မံလည်ပတ်နိုင်ခြေရှိသည့် အစီအစဉ်များနှင့်ပတ်သက်ပြီး အလွန်စိုးရိမ်ပူပန်မိကြောင်း အမေရိကန်နိုင်ငံက ထုတ်ဖော်ပြောခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံက နျူကလီးဓါတ်ပေါင်းဖိုအသစ် ထပ်မံလည်ပတ်နိုင်ရန် စီစဉ်နေကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA)က မကြာသေးမီက ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီးနောက် ဗီယင်နာမြို့ရှိ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်မစ်ရှင်က စိုးရိမ်ပူပန်မှုများကို ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
(IAEA) ၏ စောင့်ကြည့်မှုများနှင့် အကူအညီများမပါရှိဘဲ ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် မြောက်ကိုရီးယားနိုင်ငံ၊ ဒေသတွင်းနှင့် ကမ္ဘာ့နျူကလီးယားလုပ်ငန်းများအတွက် သိသာထင်ရှားသော အန္တရာယ်များကို ပိုမိုတိုးလာစေကြောင်း ကုလသမဂ္ဂဆိုင်ရာအမေရိကန်မစ်ရှင်က ပြောခဲ့သည်။
ထို့အပြင် မြောက်ကိုရီးယား၏ တရားမဝင် နျူကလီးယားနှင့် ပဲ့ထိန်းဒုံးကျည်အစီအစဉ်များသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့ကို ဆိုးရွားစွာခြိမ်းခြောက်နေကြောင်း အဆိုပါမစ်ရှင်ကပြောကြားခဲ့သည်။
ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် နျူကလီးယားဓါတ်ပေါင်းဖို၏ အအေးပေးစနစ်မှ ရေများပြင်းထန်စွာ ထွက်လာသည်ကို ကိုးကားပြီး အဆိုပါဓါတ်ပေါင်းဖိုမှာ ပထမဆုံးအကြိမ် စတင်လည်ပတ်နေပုံပေါ်ကြောင်း IAEA ညွှန်ကြားရေးမှူးချုပ် ရာဖဲလ်ဂရိုစီက ပြောကြားခဲ့သည်။
အဆိုပါလေ့လာတွေ့ရှိချက်သည် ဓါတ်ပေါင်းဖိုစတင်လည်ပတ်နေသည့် လုပ်ဆောင်ချက်များနှင့်ကိုက်ညီနေပြီး ရေနွေးများ ထုတ်လွှတ်မှုမှာ ဓါတ်ပြုမှုများ လုပ်ဆောင်နေပြီဆိုသည့်အချက်ကို ညွှန်ပြနေကြောင်း ရာဖဲလ်ဂရိုစီက ပြောကြားခဲ့သည်။ ရာဖဲလ်ဂရိုစီသည် ပြီးခဲ့သည့်နိုဝင်ဘာလတွင် အလားတူထုတ်ပြန်ချက်မျိုးကို ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားသည် နျူကလီးယားဓါတ်ပေါင်းဖိုကို စမ်းသပ်လည်ပတ်နေပုံပေါ်ကြောင်း ပြောဆိုခဲ့ဖူးသည်။
ထို့အပြင် အဆိုပါအကြိမ်တွင်လည်း ဓါတ်ပေါင်းဖို၏ အအေးပေးစနစ်မှ ရေများ ပြင်းထန်စွာထွက်လာသည်ကို ကိုးကားပြီး ရာဖဲလ်ဂရိုစီက ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှား-ယူကရိန်းစစ်ပွဲက စစ်အေးတိုက်ပွဲအသစ်တစ်ခုကဲ့သို့ ဖြစ်သွားနိုင်ဖွယ်ရှိကြောင်း ဖင်လန်အစိုးရ သတိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ