လာမည့်ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင်ကာကွယ်ရေးအသုံး စရိတ် အမေရိကန်ဒေါ်လာ(၅၆)ဘီလီယံကို ဂျပန်အစိုးရအတည်ပြု
Pika (NSS) - ဒီဇင်ဘာ ၂၃
တရုတ်၊ မြောက်ကိုရီးယားနိုင်ငံတို့နှင့် တင်းမာမှုများမြင့်တက်နေချိန်တွင် ဂျပန်အစိုးရသည် လာမည့်ဘဏ္ဍာရေးနှစ်အတွက် စံချိန်တင် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ(၅၆)ဘီလီယံကို ဒီဇင်ဘာလ(၂၂)ရက်တွင် အတည်ပြုခဲ့ကြောင်းသိရသည်။
လာမည့်နှစ်အနည်းငယ်အတွင်း ကာကွယ်ရေးအသုံးစရိတ်ကိုမြှင့်တင်ရန် ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါ၏ ကတိပြုမှုများနှင့်အတူ ၂၀၂၄-၂၀၂၅ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ(၅၆)ဘီလီယံ (ယန်း ၇ ဒသမ ၉၅ ထရီလီယံ) အသုံးစရိတ်ဥပဒေမူကြမ်းကို ဂျပန်အစိုးရအဖွဲ့က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ဒီဇင်ဘာလ(၂၂)ရက်က ထုတ်ပြန်ကြေညာခဲ့သော ကာကွယ်ရေးအသုံးစရိတ်တွင် အမေရိကန်နိုင်ငံက တီထွင်ထားသော Aegis ဒုံးကျည် ကာကွယ် ရေးစနစ်များနှင့်အတူ စစ်သင်္ဘောအသစ်နှစ်စင်းကို တည် ဆောက်ရန်အတွက် ယန်း(၃၇၀)ဘီလီယံ ပါဝင်ကြောင်းသိရသည်။
ထို့ပြင် ဒုံးကျည်များဝယ်ယူခြင်းကဲ့သို့သော ကာကွယ်ရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ရန်အတွက် ယန်း(၇၃၄)ဘီလီယံ သုံးစွဲရန် စီစဉ်ထားကြောင်းလည်း သိရသည်။ ဂျပန်အစိုးရသည် အသံထက်မြန်သော ဒုံးကျည်များကို ပစ်ချရန်အတွက် ကြားဖြတ်ဟန့်တားမှုများလုပ်ဆောင်နိုင်မည့် ပစ္စည်းကိရိယာများ တီထွင်ထုတ်လုပ်ရန် နှင့် ဖွံ့ဖြိုးတိုးတက်မှုများရှိအောင် လုပ် ဆောင်ရန်အတွက် ယန်း(၇၅)ဘီလီယံ အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါကာကွယ်ရေးအသုံးစရိတ်ထဲတွင် ဂျပန်နိုင်ငံရှိ အမေရိကန်တပ်ဖွဲ့များကို ပြောင်းရွှေ့နေရာချထားခြင်းများနှင့်ပတ်သက်ပြီး အမေရိကန်သို့ပေးဆောင်ရန် သဘောတူညီထားသည့် ကုန်ကျစရိတ်များလည်းပါဝင်ကြောင်းသိရသည်။ တရုတ်နိုင်ငံ၏ စစ်ရေးတိုးချဲ့မည့်ရည်မှန်းချက်များကြောင့် စိုးရိမ်မှုများမြင့်တက်လာမှုနှင့်အတူ ဂျပန်နိုင်ငံသည် ၎င်း၏ကာကွယ်ရေးစွမ်းရည်ကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်လိုနေခြင်းဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် ရုရှား၏ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းကို ကျူးကျော်တိုက်ခိုက်မှုများ လုပ်ဆောင်လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်း ပိုမိုမြင့်တက်လာနေကြောင်းသိရသည်။
မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများနှင့် နျူကလီးယားလက်နက်စမ်းသပ်မှုဖြစ်နိုင်ခြေတို့သည် ဂျပန်နိုင်ငံကို ၎င်း၏ ကာကွယ်ရေးအသုံးစရိတ်များအား ပိုမိုမြှင့်တင်ရန် တွန်းအားပေးခဲ့ခြင်းဖြစ်ကြောင်းလည်းသိရသည်။ ဂျပန်နိုင်ငံသည် အမေရိကန်နိုင်ငံထံမှ Tomahawk ဒုံးကျည်အစင်းရေ(၄၀၀)ကို ဝယ်ယူသွားမည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ်ဖူမီအိုကီရှီဒါက ယခုနှစ်အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုဒုံမြို့တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်(၄)လုံး မီးလောင်ဆုံးရှုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ