တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်ဖြင့် MNL ချန်ပီယံဆုကို ရှမ်းယူနိုက်တက်ရရှိ
ကျော် (NSS) - ဒီဇင်ဘာ ၁၉
၂၀၂၃ မြန်မာနေရှင်နယ်လိဂ်(MNL)အမှတ်ပေးပြိုင်ပွဲပြီးဆုံးချိန်တွင် ရှမ်းပြည်နယ်အခြေစိုက် ရှမ်းယူနိုက်တက်အသင်းမှ တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးချန်ပီယံဆုဆွတ်ခူးရရှိခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် MNL ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဥ်အဖြစ် ယမန်နေ့(ဒီဇင်ဘာလ ၁၈ ရက်)၊ ညနေ ၄ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ယှဥ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေ ရလဒ်ထွက်ပေါ်ခဲ့သဖြင့် တစ်ရာသီလုံးရှုံးပွဲမရှိဘဲ အမှတ် ပေးချန်ပီယံဆုရရှိခဲ့ခြင်းဖြစ်သည်။
"ဒီပွဲကို အကောင်းဆုံးလူစာရင်းနဲ့ပွဲထုတ်ပြီး အပျော်တွေနဲ့ ရာသီပိတ်သိမ်းနိုင်ခဲ့တာပါ"ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးဟန်ဝင်းအောင်က ပြောသည်။
ထို့ပြင် ယခုနှစ်၌ကျင်းပခဲ့သည့် MNL ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း၏ တိုက်စစ်မှူးဖြစ်သူ Racheen Bello သည်လည်း (၁၃)ဂိုးသွင်းယူနိုင်ခဲ့၍ ဂိုးသွင်းအများဆုံးဆုရရှိခဲ့သည်။
ထို့ပြင် ရှမ်းယူနိုက်တက်အသင်းအား ချန်ပီယံဆုဖလား နှင့် ကစားသမားများကို တစ်ဦးချင်းရွှေတံဆိပ်ဆုများ၊ ဆုကြေးငွေကျပ်သိန်း(၆၀၀)၊ ရှုံးပွဲမရှိစံချိန်ဖြင့် ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းအတွက် အထူးဆုဖလားတို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် MNL ပြိုင်ပွဲပြီးဆုံးချိန်တွင် ရှမ်းယူနိုက်တက်အသင်း သည် (၅)ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းသည် ဒုတိယ၊ ဟံသာဝတီယူနိုက်တက်အသင်းသည် တတိယ၊ အား/ကာသိပ္ပံအသင်းသည် စတုတ္ထ နှင့် ဒဂုံစတားယူနိုက်တက်အသင်းသည် ပဥ္စစမနေရာအသီးသီးရရှိခဲ့ကြသည်။
၂၀၂၃ MNL အမှတ်ပေးချန်ပီယံဆုရရှိခဲ့သဖြင့် ရှမ်းယူနိုက်တက်အသင်းသည် MNL ပြိုင်ပွဲ၏ အမှတ်ပေးဖလားအား (၅)ကြိမ်မြောက်ရရှိခဲ့ခြင်းဖြစ်ကာ ယမန်နှစ် ၂၀၂၂ ခုနှစ်ကလည်း ရှမ်းယူနိုက်တက်အသင်းသည် အမှတ်ပေးချန်ပီယံဆုအား ရှုံးပွဲမရှိစံချိန်ဖြင့်ရရှိခဲ့ခြင်းဖြစ်၍ နှစ်နှစ်ဆက်တိုက်ရှုံးပွဲမရှိဖြင့် ချန်ပီယံဖြစ်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ၂၀၁၇ ခုနှစ်၊ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ် နှင့် ၂၀၂၂ ခုနှစ်တို့ကလည်း MNL အမှတ်ပေးချန်ပီယံဆုများရရှိထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နေရပ်စွန့်ခွာသူများအား ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးခြင်းသည် ဒေသတွင်းရှိလက်နက်ကိုင်ပဋိပက္ခများကို လျော့နည်းပပျောက်စေနိုင်ဟုဆို
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း