ဖိလစ်ပိုင်စစ်တပ် နှင့် ကွန်မြူနစ်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများဖြစ်ပေါ်
Pika (NSS) - ဒီဇင်ဘာ ၁၈
ဒီဇင်ဘာလ(၁၇)ရက်တွင် ဖိလစ်ပိုင်စစ်တပ်နှင့် ကွန်မြူနစ်ပြောက်ကျားတပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကွန်မြူနစ်ပြောက်ကျားတပ်ဖွဲ့ဝင်(၆)ဦး နှင့် ဖိလစ်ပိုင်စစ်သား(၁)ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်အစိုးရသည် ကမ္ဘာပေါ်တွင် သက်တမ်းအရှည်ကြာဆုံး Maoist သောင်းကျန်းမှုများကို အဆုံးသတ်ရန် အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရန် ပြင်ဆင်နေချိန်တွင် ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ မနီလာမြို့တောင်ဖက် (၆၈) ကီလိုမီတာအကွာတွင်ရှိသော Balayan မြို့အနီးတွင် အစိုးရတပ်ဖွဲ့များ နှင့် ပြည်သူ့တပ်မတော်(NPA)ပြောက်ကျားတပ်ဖွဲ့များကြား အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံတွင် (၅၅)နှစ်နီးပါးကြာ ဖြစ်ပွားနေသော လူထောင်ချီသေဆုံးစေခဲ့သည့် သောင်းကျန်းမှုများကို အဆုံးသတ်ရန်အတွက် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များကြား ဆွေးနွေးပွဲများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ ပြီးနောက် သီတင်းပတ်(၃)ပတ်အကြာတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖိလစ်ပိုင်အစိုးရ က "တိုက်ပွဲအတွင်းမှာ (NPA)ပြောက်ကျားတပ်ဖွဲ့ဝင်(၆)ဦး နဲ့ ဖိလစ်ပိုင်စစ်သားတစ်ဦးတို့ သေဆုံးခဲ့ပြီး အခြားစစ်သား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဖိလစ်ပိုင်စစ်တပ်ဟာ ကျွန်တော်တို့နိုင်ငံကို ဒုက္ခရောက်စေတဲ့ အကြမ်းဖက်အဖွဲ့တွေအားလုံးကို ဆက်လက်တိုက်ခိုက်သွားမှာပါ" ဟု ပြောခဲ့သည်။
လက်နက်ကိုင်အဖွဲ့များ၏ ပုန်ကန်မှုများသည် ကမ္ဘာလုံးဆိုင်ရာကွန်မြူနစ်လှုပ်ရှားမှုများမှတစ်ဆင့် ကြီးထွားလာ ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ကျေးလက်ဆင်းရဲသားအသိုင်းအဝိုင်းများကြားတွင် လူသစ်စုဆောင်းမှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NPA ပြောက်ကျားတပ်ဖွဲ့သည် ၁၉၈ဝ ပြည့်နှစ်တွင် တပ်ဖွဲ့ဝင် (၂၆ဝဝဝ) ခန့် ရှိသော်လည်း လက်ရှိအချိန်တွင် တပ်ဖွဲ့ဝင်အရေအတွက်မှာ (၂ဝဝဝ)အောက်သာရှိတော့ကြောင်း သိရသည်။
ဖိလစ်ပိုင်အစိုးရ နှင့် လက်နက်ကိုင်အဖွဲ့များကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို သမ္မတဟောင်း ရိုဒရီဂိုဒူတာတေး လက်ထက်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သမ္မတဟောင်း ရိုဒရီဂိုဒူတာတေးသည် ၂ဝ၁၇ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ပယ်ဖျက်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကို့စ်၏ လက်ထောက်များနှင့် လက်နက်ကိုင်အဖွဲ့တာဝန်ရှိသူများသည် စေ့စပ်ညှိနှိုင်းမှုများကို လာမည့်နှစ်တွင် ပြန်လည်စတင်နိုင်ရန် မျှော်လင့်ထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယားက တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ