ရုရှားထုတ် Su-30 SME တိုက်လေယာဉ်နှစ်စင်း တပ်တော်ဝင်၊ လက်နက်ကိုင်များ နှင့် PDF များကို ချေမှုန်းရာတွင် လေကြောင်းကို ထိရောက်စွာအသုံးချနေဟု တပ်ချုပ်ပြော
မြူနစ် (NSS) - ဒီဇင်ဘာ ၁၆
ရုရှားနိုင်ငံထုတ် Su-30 SME တိုက်လေယာဉ်နှစ်စင်း တပ်တော် ဝင်ခဲ့ပြီး လက်နက်ကိုင်သောင်းကျန်းသူများ နှင့် PDF များကို ချေမှုန်းရာတွင် လေကြောင်းစွမ်းအားကို ထိရောက်စွာအသုံးချနေကြောင်း တပ်ချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ယမန်နေ့(ဒီဇင်ဘာလ ၁၅ ရက်)တွင် နေပြည်တော်လေ တပ်စခန်း၌ကျင်းပသည့် တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၆)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ယမန်နေ့တွင် ရုရှားနိုင်ငံထံမှ ဝယ်ယူထားသည့် စတုတ္ထမျိုးဆက်လွန် လေကြောင်းအရေးသာမှုလေယာဉ်အမျိုးအစားဖြစ်သော Su-30 SME တိုက်လေယာဉ် (၂)စင်းသည်လည်း တပ်တော်ဝင်ခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
မြန်မာ့တပ်မတော်သည် လက်ရှိတွင် ရုရှားနိုင်ငံ နှင့် ကဏ္ဍစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ရုရှားနိုင်ငံထံမှ Su -30 အမျိုးအ စား တိုက်လေယာဉ် (၄)စင်းထက်မနည်း ဝယ်ယူထားကြောင်း သိရသည်။
၎င်းကဲ့သို့ တိုက်လေယာဉ် (၂)စင်း ဖြည့်ဆည်းပေးနိုင်သည့် အတွက် တပ်မတော်(လေ)ရှိ အရာရှိ/စစ်သည်အားလုံး၏ စိတ် ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သည့်အပြင် တပ်မတော်အတွက် တိုက်ခိုက်စွမ်းအားတိုးတက်မြင့်မားရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း တပ်ချုပ်က ပြောသည်။
ထို့ပြင် တပ်မတော်အနေဖြင့် လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများကို တရားသော စစ်ပွဲများ ဆင်နွှဲချေမှုန်းနှိမ်နင်းရာတွင် တပ်မတော်(လေ)သည် ကြည်း၊ ရေ၊ လက်ရုံးတပ်ဖွဲ့များနှင့်ပူးပေါင်းကာ စစ်ဆင်ရေး များ၌ လေကြောင်းစွမ်းအားကို ထိထိရောက်ရောက်အသုံးချနေကြောင်း ၎င်းက ထပ်မံပြောသည်။
အလားတူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း၌ ပြီးခဲ့သော အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ နှင့် အခြားတိုင်းစစ်ဌာနချုပ်နယ်မြေများ၌ ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် လေတပ်စစ်သည်များအနေဖြင့် လေယာဉ်/ ရဟတ်ယာဉ်များကို စွမ်းအားပြည့်အသုံးပြုကာ တိုက်ခိုက်ခဲ့ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံအတွင်း၌ ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF အဖွဲ့များ ပူးပေါင်းကာ တပ်မတော်လုံခြုံရေးစခန်းများကို အင်အားအလုံး အရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ပွဲများသည် လက်ရှိအချိန်ထိ ဖြစ်ပွားနေလျက်ရှိနေပြီး ၎င်းတိုက်ပွဲများအတွင်း တပ်မတော်လုံခြုံရေးအဖွဲ့ဝင်များအနေဖြင့် စခန်းများမှ ဆုတ်ခွာပေးခဲ့ရသည့်အခြေအနေများလည်း ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရှမ်းနီလူထုအား လူသားတံတိုင်းအဖြစ်အသုံးမပြုကြရန် SNUA တောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ