ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း မက်ဆီ ဝတ်ဆင်ခဲ့တဲ့ဂျာစီကို အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၅
၂ဝ၂၂ ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက အာဂျင်တီးနားကို ကမ္ဘာ့ဖလားချန်ပီယံဆု ရရှိစေအောင် ခြေစွမ်းပြကစားနိုင်ခဲ့တဲ့ ကမ္ဘာကျော်တိုက်စစ်မှူးမက်ဆီ ရဲ့ ပြိုင်ပွဲအတွင်းဝတ်ဆင်ခဲ့တဲ့ ဂျာစီ ကို အမေရိကန်ဒေါ်လာ ၈ သန်း နီးပါးနဲ့ ရောင်းချနိုင်ခဲ့ကြောင်း သိရပါတယ်။
မက်ဆီဟာ ၂ဝ၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းကို ချန်ပီယံဖြစ်အောင် စွမ်းဆောင်ချိန်အတွင်း အာဂျင်တီးနားဂျာစီကို ၆ ကြိမ်တိုင် ဝတ်ဆင်ခဲ့ပြီး၊ အဲဒီဂျာစီကို လက်ရှိအချိန်မှာ အမေရိကန်ဒေါ်လာ ၇ ဒသမ ၈ သန်းနဲ့ရောင်းချဖို့ လေလံပစ်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ အာဂျင်တီးနားကို ကမ္ဘာ့ဖလားဗိုလ်စွဲစေဖို့ ခြေစွမ်းပြကစားချိန်အတွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ Sotheby မှာ လေလံတင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီဟာ အဲဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခဲ့တဲ့ ပွဲစဉ်ခြောက်ပွဲရဲ့ ပထမပိုင်း ကစားချိန်အတွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို AC Momento ဆိုသူက ဝယ်ယူခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားအသင်း သမိုင်းဝင် ကမ္ဘာ့ဖလားချန်ပီယံဆုရရှိချိန်အတွင်း ပြိုင်ပွဲတစ်လျှောက် မက်ဆီ ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို လေလံပစ်ရာမှာ စံချိန်တင်ဈေးမျိုး ရရှိမယ်လို့ မျှော်လင့်မှုတွေ ရှိနေခဲ့ပါတယ်။ ကမ္ဘာကျော်အားကစား သမားတွေရဲ့ဂျာစီတွေကို လေလံတင်ရောင်းချရာမှာ ကမ္ဘာကျော်ဘတ်စကက်ဘောသမား မိုက်ကယ်ဂျော်ဒန်ရဲ့ ဂျာစီက အမေရိကန်ဒေါ်လာ ၁ဝ သန်းနဲ့ စံချိန်တင်ဈေးနှုန်းမျိုး ရရှိခဲ့ဖူးပါတယ်။
အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ဖူးတဲ့ ဂန္တဝင်ကစားသမား မာရာဒိုနာရဲ့ ၁၉၈၆ ခုနှစ်က အင်္ဂလန်အသင်းဘက်ကို "Hand of God" ဂိုးသွင်းယူချိန်ဝတ်ဆင်တဲ့ ဂျာစီက အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၈ သန်းနဲ့ စံချိန်တင်ဈေးမျိုး ရရှိခဲ့ဖူးပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဓိပ္ပါယ်မဲ့ ပစ်ခတ်တိုက်ခိုက်ဖျက်ဆီးမှုများ၏ ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများ ခံစားနေရဟု ရခိုင်ပြည်နယ်နေ့၌ တပ်ချုပ်ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း