ဩစတြေးလျနိုင်ငံကို ဆိုင်ကလုန်းမုန်တိုင်းဂျက်စပါ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူထောင်ချီ လျှပ်စစ်မီး ပြတ်တောက်မှုများ၊ ရေကြီးမှုများနှင့် ကြုံတွေ့နေရ
Pika (NSS) - ဒီဇင်ဘာ ၁၄
အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဂျက်စပါသည် ဒီဇင်ဘာလ(၁၃)ရက်တွင် ဩစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ကမ်းရိုးတန်းအသိုင်းအဝိုင်းရှိ လူထောင်ပေါင်းများစွာသည် လျှပ်စစ်မီးပြတ်တောက်မှုများ ကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။
ထို့အပြင် အသက်အန္တရာယ်ရှိသော ရေကြီးမှုများအတွက် ကြိုတင်ပြင်မှုများ လုပ်ဆောင်ထားရန် ဒေသခံများကို အာဏာပိုင်များက တိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။ ဆိုင်ကလုန်းမုန်တိုင်း ဂျက်စပါသည် Coral ပင်လယ်တွင် စတင် အားကောင်းလာခဲ့ပြီးနောက် ဒီဇင်ဘာလ(၁၃)ရက် ညနေ(၅)နာရီအချိန်တွင် ကုန်းတွင်းပိုင်းသို့ ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရမိုးလေဝသပညာရှင်များက ပြောကြားခဲ့သည်။
ဂျက်စပါသည် တစ်နာရီလျှင် လေတိုက်နှုန်း(၁၁၃)ကီလိုမီတာဖြင့် ဩစတြေးလျကမ်းရိုးတန်းကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ အချို့နေရာများတွင် ရေကြီးမှုများဖြစ်ပွားနိုင်ကြောင်း မိုးလေဝသပညာရှင်များက ပြောကြားခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်း ဂျက်စပါဝင်ရောက်တိုက်ခတ်မှုနှင့်အတူ ကမ်းရိုးတန်းမြို့တစ်မြို့ဖြစ်သော Palm Cove မြို့ တွင် ပြင်းထန်သော လှိုင်းလုံးများ ရိုက်ခတ်မှု၊ လေပြင်းများတိုက်ခတ်မှုများ နှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ အစိုးရမိုးလေဝသပညာရှင် Miriam Bradbury က "လာမည့်နာရီအနည်းငယ် အတွင်းမှာ မိုးပိုမိုရွာသွန်းလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဂျက်စပါက ကမ်းရိုးတန်းကို နီးကပ်လာတာနဲ့အမျှ အန္တရာယ်အများဆုံးနဲ့ သက်ရောက်မှုအရှိဆုံး ရာသီဥတုကို ကျွန်မတို့ တွေ့ခဲ့ရပါတယ်" ဟု ပြောခဲ့သည်။
ကွင်းစ်လန်းပြည်နယ် ဒုဝန်ကြီးချုပ်စတီဗင်မိုင်းလ်စ်က "အသက်အန္တရာယ်ဖြစ်စေမယ့် ရေကြီးမှုတွေဟာ လာမယ့် ရက်ပိုင်းအထိ ဖြစ်ပွားနေနိုင်ပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်ပေါင်း(၁၅ဝဝဝ)ခန့် လျှပ်စစ်မီးပြတ်တောက်မှုများနှင့်ကြုံတွေ့နေရကြောင်း ကွင်းစ်လန်းပြည်နယ်အစိုးရက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်၏ဆုံးဖြတ်ချက်များကို စောင့်ဆိုင်းမနေသင့်ကြောင်း ယူကရိန်းအစိုးရပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ