ကျိုက်မရောမြို့နှင့်အနီးဝန်းကျင်၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော်ရောက်ရှိ ခိုလှုံနေပြီး အကူအညီများလိုအပ်လျက်ရှိ
ကျော် (NSS) - ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ KNLA ၊ PDF ပူးပေါင်းအဖွဲ့မှ တပ်မတော်စခန်းများ၊ ရဲတပ်ဖွဲ့စခန်းများနှင့်ကျေးရွာများအတွင်းသို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်မှစတင်ကာ လက် နက်ကြီး၊ သေနတ်များဖြင့်ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
ပစ်ခတ်တိုက်ခိုက်ခံရမှုအများဆုံးဖြစ်ပေါ်လျက်ရှိသည့် ဒေသများ သည် ကျိုက်မရောမြို့နယ်အတွင်းရှိ ချောင်းနှစ်ခွကျေးရွာ နှင့် စပယ်ဂူကျေးရွာတို့ဖြစ်ပြီး ယင်းကျေးရွာများနှင့်အနီးကျေးရွာများ ၌ နေထိုင်သူများသည် ကျိုက်မရောမြို့နှင့်အနီးဝန်းကျင်သို့ စစ်ဘေးရှောင်များအဖြစ် ရောက်ရှိခိုလှုံလျက်ရှိကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။
"လက်ရှိ ကျိုက်မရောဘက်ကိုရောက်လာတဲ့ စစ်ဘေးရှောင်အ ရေအတွက်က ကျိုက်မရောမြို့နယ်ထဲက ရွာပေါင်း ၂၀ ကျော်လောက်က လူဦးရေ ၃၀၀၀၀ ကျော်လောက်ရှိတယ်။ သက်ကြီးရွယ်အိုတွေ အမျိုးသမီးတွေနဲ့ကလေးတွေအများဆုံးပါတယ်။ အမျိုးသားတွေက ရွာတွေမှာအိမ်စောင့်အနေနဲ့အခြေအနေစောင့်ကြည့်နေကြတယ်လို့ စစ်ဘေးရှောင်တွေပြောပြချက်တွေအရသိရတယ်"ဟု စစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးကပြောသည်။
လက်ရှိအချိန်၌ စစ်ဘေးရှောင်ဦးရေ ၃၀၀၀၀ ကျော်ခန့်အား ကျိုက်မရောမြို့ရှိ စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်း ၈ ခု၊ ကျိုက်မရောမြို့အနီးဝန်းကျင်နှင့်ကမာဝက်မြို့ရှိ ဘုန်းတော်ကြီးကျောင်းအချို့တွင် ကူညီစောင့်ရှောက်ပေးထားရကြောင်း သိရသည်။
ကျိုက်မရောမြို့နှင့်အနီးဝန်းကျင်တွင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် မယ်ကရို၊ ကော့ဒွန်း၊ ကော့ပနော့၊ ဝယ်ငဲ့၊ ချောင်းနှစ်ခွ၊ တောင်ကလေး၊ မယ်တရို၊ လှာကဇိုင်း၊ ကြံတော၊ ထရံ၊ ပေသီကုန်း၊ မီးသွေးကုန်းကျေးရွာတို့အပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်မှဒေသခံများဖြစ်ကြောင်း သိရသည်။
စစ်ဘေးရှောင်ကယ်ဆယ်ရေးစခန်းများ၌ ရောက်ရှိနေသူများသည် သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ နှင့် ကလေးငယ်များဖြစ်ပြီး ကျန်းမာရေးမကောင်းသူများပါဝင်ကာ ဆေးဝါးကုသမှုခံယူရန်လိုအပ်၍ ဆေးဝါးအကူအညီများလည်းလိုအပ်လျက်ရှိကြောင်း သိရသည်။
"စစ်ဘေးရှောင်တွေအတွက် အခြေခံစားသောက်ကုန်တွေလည်းလိုတယ်။ နောက်ပြီး ရာသီဥတုအေးလာတာရယ်။ ကျန်းမာရေးမကောင်းတဲ့လူတွေရယ်ရှိတာကြောင့် ဆေးဝါးအကူအညီတွေကအရေးပေါ်လိုအပ်နေပါတယ်။ အနွေးထည်၊ စောင်နဲ့ခြင်ထောင်၊ခေါင်းအုံးတွေလည်းလိုတယ်"ဟု စစ်ဘေးရှောင်များအားကူညီပေးနေသူတစ်ဦးက ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စတင်ဖြစ်ပွားသည့်အချိန်မှစ၍ ယနေ့အချိန်အထိ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံ (၇)ဦးခန့်သေဆုံးခဲ့ကာ (၁၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားသဖြင့် ဆေးဝါးကုသမှုခံယူရလျက်ရှိကြောင်း စစ်ဘေးရှောင်များအားကူညီပေးနေသူများထံမှ သိရသည်။
ထို့ပြင် ကျေးရွာများအတွင်းသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘုန်းတော်ကြီးကျောင်းအချို့၊ နေအိမ်အချို့နှင့် စာသင်ကျောင်းအချို့သည်လည်း မီးလောင်ခြင်း၊လက်နက်ကြီးထိမှန်မှုတို့ကြောင့် ပျက်စီးမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်း-မြန်မာနယ်စပ်အနီးတွင် စိတ်ကြွမူးယစ်ဆေးဝါးများကို စံချိန်တင်ဖမ်းဆီးရမိဟု ထိုင်းအာဏာပိုင်များပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ