ယူကရိန်းနိုင်ငံအတွက် စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာသန်း(၂ဝဝ) ထပ်မံကူညီမည်ဟု အမေရိကန်သမ္မတ ကတိပြု
Pika (NSS) - ဒီဇင်ဘာ ၁၃
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ယူကရိန်းအတွက် အရေးပေါ်စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာသန်း (၂ဝဝ) ထပ်မံကူညီထောက်ပံ့ပေးရန် ဒီဇင်ဘာလ(၁၂)ရက်က ယူကရိန်းသမ္မတဇီလန်စကီးနှင့် တွေ့ဆုံချိန်အတွင်း ကတိပြုခဲ့ကြောင်း သိရသည်။
ယူကရိန်းသို့ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ(၆၀)ဘီလျံ ကူညီထောက်ပံ့ပေးရန် ဥပဒေမူကြမ်းကို အမေရိကန်အထက်လွှတ်တော်က ပယ်ချခဲ့ပြီးနောက် ဂျိုးဘိုင်ဒန်နှင့် ဇီလန်စကီးတို့၏ တွေ့ဆုံမှုထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့အပြင် ယူကရိန်းသို့ အကူအညီပေးမည့်ဥပဒေမူကြမ်းကို အတည်ပြုမည့်အစား အမေရိကန်တောင်ပိုင်းနယ်စပ် တွင် လူဝင်မှုကြီးကြပ်ရေးကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်စေလိုကြောင်း အမေရိကန်ရီပတ်ဘလစ်ကန်အမတ်များက တောင်းဆိုခဲ့ကြသည်။
"အမေရိကန်လွှတ်တော်ဟာ ယူကရိန်းကို အမေရိကန်ဒေါ်လာသန်း(၂ဝဝ) ထပ်မံကူညီပေးဖို့ အတည်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ အခုလုပ်နေတဲ့ဆုံးဖြတ်ချက်တွေဟာ လာမယ့်ဆယ်စုနှစ်တွေအတွင်းမှာ အထူးသဖြင့် ဥရောပရဲ့ အနာဂတ်ကို ဆုံးဖြတ်နိုင်ဖို့ပဲဖြစ်ပါတယ်" ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ပြောကြားခဲ့သည်။
ဂျိုးဘိုင်ဒန် ထုတ်ပြန်ကြေညာခဲ့သော နောက်ဆုံးအကူအညီအဖြစ် အမေရိကန်ဒေါ်လာသန်း(၂ဝဝ) သည် Presidential Drawdown Authority (PDA) မှဖြစ်ပြီး အရေးပေါ်အခြေအနေများတွင် အမေရိကန်လွှတ်တော်၏ ခွင့်ပြုချက်များမပါရှိဘဲ ကာကွယ်ရေး/ဌာန၏ ကိုယ်ပိုင်သိုလှောင်မှုများထဲမှ စစ်လက်နက်ပစ္စည်းများကို လွှဲပြောင်း ခွင့်ပြုနိုင်ကြောင်း သိရသည်။
အဆိုပါစစ်ရေးအကူအညီထဲတွင် High Mobility Artillery Rocket Systems (HIMARS) ဒုံးကျည်စနစ်၊ မြန်နှုန်းမြင့် ဓါတ်ရောင်ခြည်ဖျက် ဒုံးကျည်များ၊ သံချပ်ကာဖျက်စနစ်များ၊ အမြောက်ကျည်များ၊ ဒုံးကျည်များ၊ လက်နက်ငယ် ကျည်ဆန် (၄)သန်း၊ မီးစက်နှင့် အခြားစက်ကိရိယာအပိုပစ္စည်းများ ပါဝင်ကြောင်း အမေရိကန်အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး Associated Press သတင်းဌာနက ဖော်ပြခဲ့သည်။
ထို့အပြင် ဇီလန်စကီးသည် ရုရှားနှင့်ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲအတွင်း အကူအညီများ ပိုမိုရရှိရေးအတွက် ထောက်ခံအားပေးရန် အမေရိကန်အထက်လွှတ်တော်အမတ်များနှင့်တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။ ဇီလန်စကီးသည် အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ခ်ဂျွန်ဆင် အပြင် အခြားအထက်လွှတ်တော်အမတ် အများအပြားနှင့်တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။
"အမေရိကန်အထက်လွှတ်တော်အမတ်တွေနဲ့ဖော်ရွေပြီး ပွင့်လင်းကောင်းမွန်တဲ့ပြောဆိုဆက်ဆံမှုတွေရှိခဲ့ကြောင်း" ဇီလန်စကီးက တွစ်တာတွင် ပို့စ်တစ်ခုတင်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နှစ်စဥ်ဖြစ်ပွားမှုနှုန်းတိုးမြင့်နေသည့် ကင်ဆာရောဂါကို ကုသရန် ဓာတ်ရောင်ခြည်ကုသစက်များ လိုအပ်လျက်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ