ဆိုင်ကလုန်းမုန်တိုင်း "မိကျောင်း"၏ သက်ရောက်မှုကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ဒီဇင်ဘာလ (၁၀)ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ဟုဆို
ယွန်း (NSS) - ဒီဇင်ဘာ ၄
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "မိကျောင်း"၏ သက်ရောက်မှုကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် ဒီဇင်ဘာလ(၁၀)ရက်အထိ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း "မိကျောင်း"သည် မနက်ဖြန်(ဒီဇင်ဘာလ ၅ ရက်)တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို နီလိုရီမြို့နှင့် မာချီလီပတ္တနမ်မြို့တို့အကြားမှ ဖြတ်ကျော်နိုင်ကြောင်း သိရသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည် မြန်မာနိုင်ငံသို့ဝင်ရောက်နိုင်ခြင်းမရှိသော်လည်း ပြည်တွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် မိုးရွာသွန်းနိုင်ကြောင်း မိုးဇလမှဆိုထားသည်။
“မုန်တိုင်းက မနက်ဖြန်ဆိုရင် အိန္ဒိယနိုင်ငံကိုဝင်မယ်။ သက်ရောက်မှုကတော့ မြန်မာနိုင်ငံထဲမှာလည်း မိုးရွာတာတွေရှိမယ်။ အများကြီးတော့မဟုတ်ပါဘူး။ ဒီဇင်ဘာလ(၉)ရက်၊ (၁၀)ရက်လောက်အထိကို ရွာနိုင်တယ်။ အခုတောင် တချို့နေရာတွေမှာ ရွာနေတာတွေရှိပါတယ်”ဟု မိုဇလမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကိုပြောသည်။
ဆိုင်ကလုန်းမုန်တိုင်း“မိကျောင်း”၏ သက်ရောက်မှုကြောင့် ရခိုင်၊ စစ်ကိုင်း၊ ကရင်၊ မွန်၊ တနင်္သာရီ၊ မကွေး၊ ကချင်၊ ချင်း နှင့် မန္တလေးတို့တွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရန် မိုးဇလမှ သတိပေးပြောကြားထားသည်။
မိုးဇလ၏ခန့်မှန်းချက်အရ လာမည့် ဒီဇင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်း ရပ်ဝန်း(၂) ကြိမ်ဖြစ်ပေါ်နိုင်ပြီး (၁)ကြိမ်တွင်ပိုမိုအားကောင်းလာသော မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာလ ၄ ရက်)တွင်လည်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့အပါအဝင် အချို့သောပြည်နယ်နှင့်တိုင်းတို့၌လည်း မိုးရွာသွန်းမှုများရှိခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မိသားစုဝင်များကို ဓါးဖြင့်ထိုးသတ်ခဲ့သည့် အမျိုးသားတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့ သေနတ်ဖြင့်ပစ်သတ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ