မိသားစုဝင်များကို ဓါးဖြင့်ထိုးသတ်ခဲ့သည့် အမျိုးသားတစ်ဦးကို အမေရိကန်ရဲတပ်ဖွဲ့ သေနတ်ဖြင့်ပစ်သတ်
Pika (NSS) - ဒီဇင်ဘာ ၄
အမေရိကန်နိုင်ငံ နယူးယောက်မြို့ Queens borough ကောင်တီရှိ နေအိမ်တစ်ခုတွင် ဒီဇင်ဘာလ(၃)ရက် အစောပိုင်းက ကလေးငယ်နှစ်ဦး အပါအဝင် ၎င်း၏ မိသားစုဝင်လေးဦးကို ဓါးဖြင့်ထိုးသတ်ခဲ့သည့် အမျိုးသားတစ်ဦး ကို ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
Queens borough ကောင်တီ Far Rockaway ရပ်ကွက်တွင် နေထိုင်သော မိန်းကလေးတစ်ဦးသည် ရဲတပ်ဖွဲ့ထံ ဖုန်းဆက်ခဲ့ပြီး ၎င်း၏ဝမ်းကွဲဖြစ်သူက မိသားစုဝင်များကို သတ်နေသည်ဟု ပြောဆိုခဲ့ကြောင်း နယူးယောက်မြို့ ရဲဌာနချုပ်က ပြောကြားခဲ့သည်။
ထို့အပြင် အသက်(၃၈)နှစ်အရွယ်ရှိ သံသယရှိသူသည် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်းလာရောက်ခဲ့သော ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဓါးဖြင့် ထိုးခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်များထဲမှ တစ်ဦးက ၎င်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း နယူးယောက်မြို့ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါအမျိုးသားသည် အိမ်တွင်းအကြမ်းဖက်မှုဖြင့် ယခင်ကဖမ်းဆီးခံခဲ့ရဖူးကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ သည်။ ဓါးထိုးခံခဲ့ရသော ရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး မကြာမီအချိန်အတွင်း ပြန်လည်ကောင်းမွန်လာမည်ဟု မျှော်လင့်ထားကြောင်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့သည်။
ဓါးဖြင့် ထိုးသတ်ခံခဲ့ရသော မိသားစုဝင်လေးဦးမှာ အသက်(၁၂)နှစ်အရွယ် ယောကျာ်းလေးတစ်ဦး၊ အသက်(၁၁)နှစ် အရွယ် မိန်းကလေးတစ်ဦး၊ အသက်(၄၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အသက်(၃ဝ)နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အသက်(၁၁)နှစ်အရွယ် မိန်းကလေးကို အခင်းဖြစ်ပွားရာနေအိမ်ရှေ့တွင် တွေ့ရှိခဲ့ပြီး အခြားသုံးဦးကို နေအိမ် အတွင်းရှိ အိပ်ခန်းထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်မြို့ရဲတပ်ဖွဲ့က ဆိုသည်။ ထို့အပြင် အသက်(၆၁)နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးလည်း ဓါးဖြင့် ထိုးခံခဲ့ရပြီး ဆေးရုံတွင် ကုသမှုများလုပ်ဆောင်နေ သော်လည်း စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း သိရသည်။
သံသယရှိသူသည် နေအိမ်အတွင်းသို့ ရဲတပ်ဖွဲ့များ မဝင်ရောက်နိုင်ရန်အတွက် ဧည့်ခန်းအတွင်းရှိ ဆိုဖာတစ်ခုကို မီးရှို့ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ မီးလောင်မှုများနှင့်အတူ ရဲတပ်ဖွဲ့ဝင်များသည် မီးသတ်တပ်ဖွဲ့ဝင်များ ကို စောင့်ဆိုင်းခဲ့ရပြီး မီးငြိမ်းသတ်ပြီးမှသာ နေအိမ်အတွင်းသို့ ဝင်ရောက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပဲခူးမြို့တွင် အုပ်စုဖွဲ့ဆိုင်ကယ်ခိုးနေသူများကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တစ်ဦးဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း