ကော့ကရိတ်မြို့နယ်အတွင်းဖြစ်ပွားနေသည့်တိုက်ပွဲကြောင့် ဒေသခံ (၁၅၀၀၀)ခန့် စစ်ဘေးရှောင်နေရ
ကျော် (NSS) - ဒီဇင်ဘာ ၄
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ဒေသခံ (၁၅ဝဝဝ) ခန့်စစ်ဘေးရှောင်နေရကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသူများထံမှ သိရသည်။
ကော့ကရိတ်မြို့နှင့်တစ်ဝိုက်တွင် KNU / PDF ပူးပေါင်းအဖွဲ့ နှင့် တပ်မတော်တို့အကြား ဒီဇင်ဘာလ ၁ ရက်မှစတင်ပြီး တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာပေါင်း ၂၄ ရွာမှဒေသခံများသည် တိုက်ပွဲနှင့်လွတ်ကင်းသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်။
"လက်ရှိ ၁၅ဝဝဝ လောက်က စာရင်းရသလောက်လူဦးရေပေါ့။ ရွာတွေကနေစစ်ဘေးရှောင်လာကြတဲ့စာရင်းပါ။ ကော့ကရိတ်မြို့ပေါ်က စစ်ဘေးရှောင်လာရတဲ့လူတွေရဲ့စာရင်းတွေနဲ့နောက်ထပ် စစ်ဘေးရှောင်နေရတဲ့ ကျေးရွာ ၅ ရွာကစာရင်းတွေမရသေးဘူး"ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးကပြောသည်။
လက်ရှိအချိန်၌ ကော့ကရိတ်မြို့နယ်မှစစ်ဘေးရှောင်များသည် တိုက်ပွဲနှင့်လွတ်ကင်းသည့် နေရာများတွင်နေထိုင်လျက်ရှိကာ ၎င်းတို့၏စားသောက်မှုအဆင်ပြေစေရန် စစ်ဘေးရှောင်များအားကူညီပေးနေသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီပေးလျက်ရှိကြောင်း သိရသည်။
"ကော့ကရိတ်မြို့ခံတွေက မြဝတီမြို့ပေါ်ကို သွားကြတာများတယ်။ စစ်ဘေးရှောင်တွေကို မြဝတီက ဘုန်းကြီးကျောင်းတွေမှာ နေရာချထားပေးပါတယ်။ တစ်ချို့တွေကြတော့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေအိမ်ကိုသွားနေကြတာလည်းရှိတယ်"ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။
စစ်ဘေးရှောင်လာသည့် ကော့ကရိတ်မြို့နယ်မှပြည်သူများ၏ စားသောက်နေထိုင်မှုအဆင်ပြေစေရန် လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့်ပူးပေါင်း၍ ဖြည့်ဆည်းပေးလျက်ရှိကာ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အဝတ်အထည်(အနွေးထည်)၊ ဆေးဝါးနှင့်သောက်သုံးရေများ ပိုမိုလိုအပ်လျက်ရှိကြောင်း သိရသည်။
"လိုအပ်တာတွေတော့ရှိတယ်။ ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေ ကိုယ်ဝန်ဆောင်သည်တွေပါနေတဲ့အတွက် အနွေးထည်နဲ့ဆေးဝါး၊ရေသန့်လိုအပ်ချက်တွေရှိတယ်။ စစ်ဘေးရှောင်တွေက ထပ်ရောက်လာဖို့ရှိတယ်လို့လည်းကြားထားတယ်။ နောက်ပြီး တိုက်ပွဲထဲမှာပိတ်မိနေတဲ့လူတွေကိုလည်း ကယ်ထုတ်ဖို့လုပ်နေပါတယ်"ဟု မြဝတီမြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်၌ ကော့ကရိတ်မြို့နယ်အတွင်းနှင့်ကော့ကရိတ်မြို့အနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသော်လည်း အချို့ဒေသခံများသည် နေအိမ်များကိုစွန့်ခွာ၍ တိမ်းရှောင်ခြင်းမရှိဘဲ လုံခြုံသည့်နေရာတွင် ခိုအောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ၌ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှုတို့ကြောင့် ဒေသခံပြည်သူအချို့ သေဆုံးခြင်းနှင့်ထိခိုက်ဒဏ်ရာရရှိခြင်းများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သာသနိကအဆောက်အဦးများ၊ နေအိမ်များလည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံတွင်းမှ ကယ်ထုတ်နိုင်ခဲ့သော ထိုင်းနိုင်ငံသား(၈၃)ဦး ဒီဇင်ဘာလ(၄)ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ