PDF အဖွဲ့က ဆောက်လုပ်ဆဲ ထားဝယ်အကျဉ်းထောင်သစ်သို့ လာရောက်ကာ ဘက်ဟိုး(၂)စီးကို မီးရှို့ဖျက်ဆီးပြီးနောက် လူ(၂)ဦးကို ဖမ်းဆီးသွား
မြူနစ် (NSS) - ဒီဇင်ဘာ ၃
PDF ပူးပေါင်းအဖွဲ့က ထားဝယ်မြို့ရှိ ဆောက်လုပ်ဆဲ အကျဉ်းထောင်အသစ်သို့ လာရောက်ကာ ဘက်ဟိုး (၂)စီးကို မီးရှို့ဖျက်ဆီးပြီးနောက် လူ(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
ယနေ့(ဒီဇင်ဘာ ၃ ရက်) နံနက်ပိုင်းတွင် PDF ပူးပေါင်းအဖွဲ့မှ လူအင်အား (၅ဝ) ဝန်းကျင်ခန့်သည် ဆောက်လုပ်ဆဲ အကျဉ်းထောင်သစ်သို့ရောက်ရှိလာကာ အထက်ပါကဲ့သို့ လုပ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်အစိုးရအဖွဲ့ နှင့် နီးစပ်သူက NP News ကို ပြောသည်။
“ဒီနေ့မှ မနက်ပိုင်းမှာ ဖြစ်သွားတာပါ။ လက်သမားခေါင်းဆောင်နဲ့ ပန်းရံခေါင်းဆောင် နှစ်ယောက်ကို ဖမ်းသွားတယ်။ သူတို့ကတော့ အရပ်သားတွေပေါ့ နိုင်ငံ့ဝန်ထမ်းတွေ မဟုတ်ပါဘူး။ ပြီးတော့ ဘက်ဟိုး(၂)စီးကိုလည်း မီးရှို့ ဖျက်ဆီးသွားတယ်။ အကျဉ်းထောင်ဆောက်လုပ်နေတာတွေကိုလည်း ဆက်မလုပ်ဖို့ ခြိမ်းခြောက်သွားတာရှိတယ်” ဟု ထားဝယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ပြောသည်။
ထားဝယ်အကျဉ်းထောင်အသစ် စီမံကိန်းအတွင်းရှိ ဘက်ဟိုး(၂)စီးသည် မီးရှို့ဖျက်ဆီးခံရမှုကြောင့် လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။
“အကျဉ်းထောင်အသစ်က ထားဝယ်-ရေဖြူကားလမ်းပေါ်မှာ ရှိတာပါ။ ထားဝယ်မြို့အထွက်မှာ ရှိတာပေါ့။ ဒါပေမယ့် ထားဝယ်မြို့နဲ့တော့ (၈)မိုင်လောက်တော့ ဝေးတယ်။ ထားဝယ်နဲ့ရေဖြူကြားမှာ ရှိတာပေါ့။ အဲဒီမှာလည်း လုံခြုံရေးက ကောင်းကောင်းမပေးနိုင်တော့ ဖြစ်သွားတာပေါ့” ဟု ထားဝယ်အစိုးရအဖွဲ့နှင့်နီးစပ်သူက ဆိုသည်။
ပြီးခဲ့သော စက်တင်ဘာလကုန်ပိုင်း၌ ထားဝယ်အကျဉ်းထောင်မှ ထောင်ဝန်ထမ်း(၂)ဦးသည် PDF အဖွဲ့၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသကဲ့သို့ အကျဉ်းသား(၅)ဦးသည်လည်း ထွက်ပြေးလွတ်မြောက်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နစကဘက်က ဒီဇင်ဘာလ ၃ ရက်၊ နံနက် ၉ နာရီခွဲခန့်က PDF အဖွဲ့ဝင် ၅၀ ဦးခန့်သည် ထားဝယ်အကျဉ်းထောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ရောက်ရှိလာပြီးနောက် ဘတ်ဟိုး(၁)စီးနှင့်အလုပ်သမားများနေထိုင်သည့် အလုပ်သ မားတန်းလျားကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး အလုပ်သမား ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထို့အတူ လုပ်ငန်းခွင်၌ကျန်ရှိခဲ့သည့် အလုပ်သမားများကိုလည်း ထားဝယ်အကျဉ်းထောင်သစ်ဆောက် လုပ်ရေးလုပ်ငန်းအား ထပ်မံလုပ်ဆောင်ခြင်းမပြုရန် ခြိမ်းခြောက်ပြောဆိုသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
(၃)လခန့်ကြာမြင့်ပြီဖြစ်သည့် ထားဝယ်အကျဉ်းထောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းကိုလည်း ယမန်နေ့ (ဒီဇင်ဘာလ ၃ ရက်)မှစ၍ ယာယီရပ်နားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စုကို တိုက်ခိုက်ဖို့ ပျံသန်းလာတဲ့ဒရုန်းကို ပစ်ချခဲ့
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ