လုံခြုံရေးကို ပိုမိုမြှင့်တင်ရန်အတွက် ပင်လယ်ကွေ့သို့ အဆင့်အမြင့်ဆုံးဖျက်သင်္ဘောများထဲမှ တစ်စီးကို စေလွှတ်လိုက်ကြောင်း ဗြိတိန်စစ်ဘက်ပြော
Pika (NSS) - ဒီဇင်ဘာ ၁
ဗြိတိန်နိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ၎င်း၏ တည်ရှိမှုကို ပိုမိုမြှင့်တင်ရန်အတွက် ပင်လယ်ကွေ့သို့ ၎င်း၏ အဆင့်အမြင့်ဆုံး ရေတပ်သင်္ဘောများထဲမှ တစ်စင်းကို စေလွှတ်လိုက်ကြောင်း နိုဝင်ဘာလ(၃ဝ)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
Type 45 ဖျက်သင်္ဘော HMS Diamond သည် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်၊ ကုန်တင်သင်္ဘောများ လုံခြုံ စိတ်ချမှုရှိစေရန် နှင့် ကုန်သွယ်မှုစီးဆင်းမှု ဘေးကင်းစေရန်အတွက် စစ်ဆင်ရေးများ လုပ်ဆောင်သွားမည်ဖြစ် ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး Grant Shapps က "ဒေသတွင်းမှာ ကျွန်တော်တို့ရဲ့တည်ရှိမှု ပိုမိုအားကောင်းလာစေဖို့၊ ကျွန်တော်တို့ရဲ့အကျိုးစီးပွားကို မတည်မငြိမ်ဖြစ်စေပြီး ပြိုင်ဆိုင်မှုတွေရှိနေတဲ့ ကမ္ဘာကြီးကနေ ကာကွယ်ဖို့အတွက် က အရေးကြီးပါတယ်" ဟု ပြောခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး နိုဝင်ဘာလ(၁၉)ရက်က ပင်လယ်နီတွင် အီရန်ကျောထောက်နောက်ခံပြု ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးနှင့်ဆက်နွယ်နေသော ကုန်တင်သင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့ ပြီးနောက် ဗြိတိန်နိုင်ငံက ယခုကဲ့သို့ ဖျက်သင်္ဘောတစ်စီး စေလွှတ်ခဲ့ခြင်းဖြစ်သည်။
အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက် နောက်ပိုင်းကတည်းက ဟူသီ လက်နက်ကိုင်အဖွဲ့သည် အစ္စရေးကိုပစ်မှတ်ထားကော ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများကို လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
ကုန်တင်သင်္ဘောအစီး(၅ဝ)ခန့်သည် ပင်လယ်နီ နှင့် Aden ပင်လယ်ကွေ့တို့ကို ဆက်သွယ်ထားသော Bab-el-Mandeb ရေလက်ကြားကို နေ့စဉ်ဖြတ်သန်းနေပြီး အခြားကုန်တင်သင်္ဘောအစီးရေ (၁၅ဝ)ခန့်သည် Hormuz ရေလက်ကြားကို ဖြတ်သန်းသွားလာကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ပင်လယ်ကွေ့ရှိ ရေလမ်းကြောင်းများသည် ဗြိတိန်၏ သဘာဝဓါတ်ငွေ့ရည်များကို တင်ဆောင်လာသည့် ရေနံတင် သင်္ဘောများ အပါအဝင် ကုန်တင်သင်္ဘောများအတွက် အရေးကြီးသော လမ်းကြောင်းများဖြစ်ကြောင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ Grant Shapps က "ဒီဖြန့်ကျက်ချထားမှုဟာ ဗြိတိန်ရေတပ်ရဲ့ ကင်းလှည့်မှုတွေကို ပိုမိုအားကောင်းစေမှာဖြစ်ပြီး အရေးကြီးတဲ့ကုန်သွယ်ရေးလမ်းကြောင်းတွေ ပွင့်နေဖို့ နဲ့ ဒေသတွင်းလုံခြုံရေးအတွက် ကျွန်တော်တို့ရဲ့ကတိဝတ်တွေကို သက်သေပြနိုင်ပါလိမ့်မယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသအပေါ် တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့ကြောင်း အစ္စရေးစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ