စစ်ဘေး၊ စစ်ဒဏ်ခံနေရသည့် ပြည်သူလူထုကို ထောက်ထား၍ ရှမ်းလက်နက်ကိုင်အဖွဲ့(၂)ခုဖြစ်သော RCSS နှင့် SSPP တို့ အပစ်ခတ်ရပ်စဲကြောင်း ကြေညာ
မျိုးကြီး (NSS) - နိုဝင်ဘာ ၂၉
စစ်ဘေး၊ စစ်ဒဏ်ခံနေရသည့် ပြည်သူလူထုကို ထောက်ထား၍ ရှမ်းလက်နက်ကိုင်အဖွဲ့ (၂)ခုဖြစ်သော RCSS နှင့် SSPP တို့ နှစ်ဖက်သဘောတူ အပစ်ခတ်ရပ်စဲကြောင်း ကြေညာလိုက်သည်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် ယနေ့(နိုဝင်ဘာလ ၂၉ ရက်)တွင် နှစ်ဖက်သဘောတူကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် SSPP ဗဟိုဌာနချုပ် ကိုယ်စားလှယ် (၃)ဦး နှင့် RCSS ဗဟိုဌာနချုပ် ကိုယ်စား လှယ်(၄)ဦးတို့ တွေ့ဆုံဆွေးနွေးပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို တရားဝင်သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း အသိပေးကြေညာထားသည်။
“ကျွန်တော်တို့ နှစ်ဖွဲ့က တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဆင်မပြေမှုတွေကို အကြာကြီးဖြစ်လာပြီးတော့ နောက်ပိုင်းတစ်ဖွဲ့ နဲ့ တစ်ဖွဲ့က ပစ်ခတ်မှု၊ တိုက်ခိုက်မှုတွေ ရှိလာတဲ့အခင်းအကျင်းဖြစ်ခဲ့တော့ ကျွန်တော်တို့ ရှမ်းပြည် ပြည်သူလူထုတွေက ကျွန်တော်တို့ နှစ်ဖွဲ့ရဲ့ တိုက်ပွဲတွေကြောင့် ကြားကနေပြီး ဆင်းရဲဒုက္ခတွေကို ခံခဲ့ရတာပေါ့။ စစ်ဘေး၊ စစ်ဒဏ်တွေကို ခံနေရတာက တကယ်မနှစ်မြို့စရာပဲပေါ့။ ပြည်သူလူထုကလည်း တအားခံရတော့ ပြည်သူလူထုတွေ၊ ရဟန်းသံဃာတွေက တောင်းဆိုကြတယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မညှိနှိုင်းနိုင်ဘူးလားပေါ့” ဟု RCSS မှ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက NSS ကို ပြောသည်။
ထို့ကြောင့် ရှမ်းပြည်သူလူထုနှင့် ရဟန်းသံဃာများ၏ လိုအင်ဆန္ဒအတိုင်း ယခုကဲ့သို့ နှစ်ဖက်အပစ်ခတ်ရပ်စဲခဲ့ခြင်းဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက ပြောသည်။
“အဲဒါကြောင့် ကျွန်တော်တို့ နှစ်ဖက်စလုံးကြိုးစားပြီးတော့မှ ဒီအဆင့်ထိ ရောက်လာတာပေါ့။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပြန်လည်တိုက်ခိုက်မှု မဖြစ်ရလေအောင်ဆိုပြီးတော့ နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲလိုက်တဲ့ သဘောပေါ့။ လူပုဂ္ဂိုလ်အရရော၊ တာဝန်ရှိပုဂ္ဂိုလ်အရရော သင့်တော်တဲ့နည်းလမ်းနဲ့ သင့်တော်တဲ့အချိန်နဲ့ အဆက်အသွယ်တွေလုပ်ပြီးတော့ ညှိနှိုင်းကြတာပေါ့။ ညှိနှိုင်းကြ၊ အဖြေရှာကြရင်းနဲ့ နောက်ဆုံးတော့ ဒီအဆင့်ရောက်လာပြီးတော့မှ အတူတူ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ရတဲ့အဆင့်ထိ ဖြစ်လာတာပေါ့”ဟု ၎င်းက ထပ်မံပြောသည်။
ပြီးခဲ့သော ကာလများအတွင်း၌ RCSS နှင့် SSPP အဖွဲ့ကြားတွင် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု၊ ချောင်းမြောင်းပစ်ခတ်မှု ဖြစ်စဉ်များ ရှိခဲ့ဖူးသည်။
လက်ရှိတွင် RCSS နှင့် SSPP တို့ကြား သဘောတူညီမှု ရရှိခဲ့သော အပစ်ခတ်ရပ်စဲသဘော တူညီချက်သည် ရေရှည်တည်တံ့ခိုင်မြဲနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက ပြောသည်။
“အချိန်သတ်မှတ်ထားတာတော့ မရှိဘူး။ အတတ်နိုင်ဆုံး တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်မှု မရှိရလေအောင် အပစ်အခတ်ရပ်စဲ လိုက်တယ်ဆိုတဲ့ သဘောတူညီချက်ပေါ့နော် ရေရှည်ဖြစ်သွားနိုင်ဖို့တော့ မျှော်လင့်တာပေါ့” ဟု ၎င်းက ပြောသည်။
မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမဆို ညီညီညွတ်ညွတ်ဖြင့် ငြိမ်းချမ်းရေးကို အတူတကွလက်တွဲဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းလည်း RCSS မှ ဒုတိယဗိုလ်မှူးကြီးအုမ်ခေးက အကြံပြုတိုက်တွန်းထားသည်။
မြန်မာနိုင်ငံအတွင်းရှိ RCSS နှင့် SSPP လက်နက်ကိုင်(၂)ဖွဲ့သည် အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြေညာနိုင်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံအတွင်း၌ တပ်မတော်နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF များကြားတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသသို့ လာရောက်လည်ပတ်ရန် ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဖိတ်ကြားချက်ကို ကမ္ဘာကျော် ဘီလျံနာအီလွန်မတ် ငြင်းဆန်ပယ်ချ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ