ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်း (၈၆)ဦး ထပ်မံလွတ်မြောက်လာ
မြူနစ် (NSS) - နိုဝင်ဘာ ၂၉
KNPP၊ PDF ပူးပေါင်းအဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသော လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်း စုစုပေါင်း (၈၆)ဦး ထပ်မံလွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။
လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ နှင့် ဝန်ထမ်း (၈၆)ဦးသည် ယမန်နေ့(နိုဝင်ဘာလ ၂၈ ရက်)တွင် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှတစ်ဆင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။
“မနေ့ကတော့ ဆရာ/ဆရာမ (၈၆)ယောက် ပြန်လွတ်လာပါတယ်။ ဒီလိုမျိုး ပြန်လွှတ်ပေးတော့ ကျွန်တော်တို့လည်း ဝမ်းသာတာပေါ့။ ဘယ်သူမှလည်း အထိအခိုက်မရှိဘူးလေ။ ဆရာ/ဆရာမတွေကတော့ တောင်ကြီးမြို့ကနေတစ်ဆင့် သူတို့နေရပ်အသီးသီးကို ပြန်သွားကြပါပြီ”ဟု NSS ၏ တောင်ကြီးမြို့ခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
KNPP၊ PDF ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာလ ၁၁ ရက်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် ဝင်ရောက်တိုက်ခိုက်စဉ်အချိန်တွင် လွိုင်ကော်တက္ကသိုလ်၏ ပါမောက္ခချုပ်ဒေါက်တာ အောင်ခင်မြင့်အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းစုစုပေါင်း (၂၀၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုသို့ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နိုဝင်ဘာလ ၂၄ ရက်တွင် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်းစုစုပေါင်း (၁၀၇)ကို ပြန်လွှတ်ပေးခဲ့သည်။
ထို့ကြောင့် ဖမ်းဆီးခံခဲ့ရသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ/ဆရာမ၊ ဝန်ထမ်း (၂၀၄)ဦးအနက် လက်ရှိတွင် (၁၉၃)ဦးကို ပြန်လွှတ်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
သို့သော် လွိုင်ကော်တက္ကသိုလ်၏ ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်အပါအဝင် (၁၁)ဦးသည် ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဘဲ ဆက်လက်ဖမ်းဆီးခံထားရကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာလ ၂၉ ရက်)တွင် လွိုင်ကော်တက္ကသိုလ်ဆရာ၊ ဆရာမများကို ဖမ်းဆီးထိန်းသိမ်းထားသည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)က တက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း(၅)ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များကို တရားစွဲဆို အရေးယူသွားမည်ဟု အသိပေးထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။
အလားတူ တပ်မတော်မိသားစုဝင် (၃)ဦးကိုလည်း အရေးယူဆောင်ရွက်သွားမည်ဟု IEC က ထပ်မံအသိပေး ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြား ရရှိထားတဲ့ ယာယီအပစ်ခတ်ရပ်စဲရေး ငါးရက်မြောက်နေ့မှာ အကျဉ်းသားတွေကို အပြန်အလှန်ပြန်လွှတ်ပေး
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း