ယခုတစ်ပတ်အတွက် စားအုန်းဆီ အခြေခံရည်ညွှန်းဈေး (၅၀၀၀)ကျပ် အထိဖြစ်လာ
Pearl (NSS) - နိုဝင်ဘာ ၂၈
ယခုသီတင်းပတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးအား တစ်ပိဿာလျှင် ၅၀၀၀ ကျပ် သတ်မှတ်လိုက်ကြောင်း စားသုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများကို အပတ်စဉ် ထုတ်ပြန်ပေးလျက်ရှိသည်။
ထိုသို့ ထုတ်ပြန်ပေးလျက်ရှိရာ အောက်တိုဘာလ (၃၁)ရက်မှ နိုဝင်ဘာလ (၅)ရက်ထိ စားအုန်းဆီ တစ်ပိဿာ ရည်ညွှန်းဈေးကို (၄,၅၇၀)ကျပ် ၊ နိုဝင်ဘာလ (၆)ရက် မှ (၁၂)ရက်ထိကို (၄,၅၆၀)ကျပ်၊ နိုဝင်ဘာလ (၁၃)ရက် မှ (၁၉)ရက်ထိကို (၄,၆၈၀)ကျပ်၊ နိုဝင်ဘာလ (၂၀)ရက် မှ(၂၇)ရက်ထိကို (၄,၉၉၀)ကျပ် အဖြစ် အသီးသီထုတ်ပြန်ခဲ့သည်။
"စားအုန်းဆီက ဝယ်ချင်တိုင်း ဝယ်လို့မရဘူး။ ဘယ်အချိန်ရောင်းပါမယ်ဆိုပြီး တန်းစီခိုင်းတာ။ အဲဒီအချိန်ပဲ ရောင်းပေးတာ"ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သူ တစ်ဦးက NSS ကို ပြောသည်။
လက်ရှိတွင် စားအုန်းဆီဈေးနှုန်းလက်ကားရည်ညွှန်းဈေးကို တစ်ပိဿာလျှင် (၅၀၀၀)ကျပ်သတ်မှတ်ထားသော်လည်း ရန်ကုန်မြို့ရှိ မြေပြင်ဈေးကွက်တွင် တစ်ပိဿာလျှင် (၅၅၀၀)ကျပ်ဝန်းကျင်ရှိပြီး အလွယ်တကူဝယ်ယူ၍မရကြောင်း သိရသည်။
ပြည်တွင်းဈေးကွက်၌ စာအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်းမှုများပြုလုပ်ပါက အရေးကြီးကုန်စဉ်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားပြီးဖြစ်သည်။
ပြည်တွင်း၌ စားအုန်းဆီသုံးစွဲမှုသည် တစ်နှစ်လျှင် တန်ချိန်(၁၀)သိန်းကျော်အထိရှိသည့်အတွက် နှစ်စဉ်တန်ချိန် (၆)သိန်းမှ (၇)သိန်းကြားကို မလေးရှားနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံမှ အဓိထားတင်သွင်းနေရကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန လက်အောက်ရှိ စားသုံးသူရေးရာဦးစီးဌာနမှတဆင့် သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနိုင်ငံအနေနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကို ဖျက်ဆီးပစ်ရမှာဖြစ်ကြောင်း ဘီလျံနာအီလွန်မတ်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ