ယူကရိန်းစစ်ပွဲတွင် ရုရှား ရှုံးနိမ့်မည်မဟုတ်ကြောင်း ဟန်ဂေရီဝန်ကြီးချုပ် ထုတ်ဖော်ပြော
Pika (NSS) - နိုဝင်ဘာ ၂၈
ယူကရိန်းနှင့်စစ်ပွဲတွင် ရုရှားရှုံးနိမ့်စေရန်နှင့် အစိုးရအပြောင်းအလဲများဖြစ်စေရန်အတွက် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ယူကရိန်းသို့ ရန်ပုံငွေထောက်ပံ့မှု မဟာဗျူဟာသည် အချည်းအနှီးသာဖြစ်ကြောင်း ဟန်ဂေရီ ဝန်ကြီးချုပ် ဗစ်တာအော်ဗန်က ထုတ်ဖော်ပြောဆိုခဲ့သည်။
အနောက်အုပ်စုနိုင်ငံများသည် ရုရှား-ယူကရိန်းပဋိပက္ခကို ဒေသတွင်းပဋိပက္ခဖြစ်အောင် ကြိုးပမ်းရမည့်အစား ပိုမို အရှိန်မြှင့်ကာ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအဖြစ် ပြောင်းလဲရန်ကြိုးပမ်းနေကြောင်း ဗစ်တာအော်ဗန်က ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ဖော်ပြောခဲ့သည်။
ဗစ်တာအော်ဗန်က "ဒီစစ်ပွဲမှာ အနောက်အုပ်စုနိုင်ငံတွေရဲ့မဟာဗျူဟာက ဘာလဲ။ ဒါက တကယ်ကို ရိုးရှင်းပါ တယ်။ ကျွန်တော်တို့ရဲ့မဟာဗျူဟာက ယူကရိန်းတပ်ဖွဲ့ဝင်တွေ ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ တိုက်ခိုက်ပြီး အနိုင် ရရှိဖို့ပါပဲ။ ပြီးတော့ ရုရှားဖက်က စစ်ပွဲရှုံးနိမ့်ပြီး ဒီရှုံးနိမ့််မှုက အစိုးရအပြောင်းအလဲတွေကို ဖြစ်စေဖို့ပါပဲ။ ဒါက ကျွန်တော်တို့ရဲ့မဟာဗျူဟာပါ။ ကျွန်တော်တို့ ယူကရိန်းကို ငွေကြေးထောက်ပံ့တယ်။ ယူကရိန်းနိုင်ငံသားတွေက ရှေ့တန်းမှာ တိုက်ခိုက်တယ်။ ပြီးတော့ သေဆုံးကုန်တယ်။ ယူကရိန်းနိုင်ငံသားတွေဟာ ရှေ့တန်း စစ်မြေ မျက်နှာပြင်မှာ အနိုင်ရရှိမှာ မဟုတ်ဖူးဆိုတာ သိသာပါတယ်။ စစ်မြေပြင်မှာ ဖြေရှင်းချက်တွေ မရှိပါဘူး၊၊ရုရှားက ဒီစစ်ပွဲကို ရှုံးနိမ့်မှာ မဟုတ်ပါဘူး။ ပြီးတော့ ရုရှားမှာ နိုင်ငံရေးအပြောင်းအလဲတွေလည်းဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါက အဖြစ်မှန်ပါပဲ။ ရုရှားကရှုံးနိမ့်မှာ မဟုတ်သလို နိုင်ငံရေးတွေလည်း ဘာမှပြောင်းလဲမှာ မဟုတ်ဘူးဆိုတဲ့ ဖြစ်ရပ်မှန်ကို ကျွန်တော်တို့ ရင်ဆိုင်ရပါလိမ့်မယ်။ ကျွန်တော်တို့ ပလန်ဘီကို ပြောင်းလဲရပါမယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ဥရောပသမဂ္ဂမှာ ဘာအစီအစဉ်မှ မရှိပါဘူး" ဟု ပြောခဲ့သည်။
ယူကရိန်းသည် ယခုလတစ်လအတွင်းတွင် ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ တပ်ဖွဲ့ဝင်(၁၃၇ဝဝ) ဦး၊ တင့်ကား အစီးရေ (၁၈ဝဝ) နှင့် အခြားစစ်လက်နက်ပစ္စည်းများကို ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူ က ခန့်မှန်းပြောခဲ့သည်။
ထို့အပြင် ယူကရိန်းသည် တန်ပြန်ထိုးစစ်ဆင်မှုများ စတင်လုပ်ဆောင်ခဲ့သည့် ပြီးခဲ့သည့်ဇွန်လအစောပိုင်းမှ စတင်ပြီး လက်ရှိအချိန်အထိ တပ်ဖွဲ့ဝင်(၁)သိန်းကျော် ဆုံးရှုံးခဲ့ရကြောင်း ရုရှားဖက်က ခန့်မှန်းပြောခဲ့သည်။ ရုရှား-ယူကရိန်းပဋိပက္ခသည် ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေတွင် ရှိနေကြောင်း ယူကရိန်းထိပ်တန်း ဗိုလ်ချုပ်ကြီး Valery Zaluzhny က ပြောခဲ့သည်။
ထို့အပြင် ယူကရိန်းတပ်ဖွဲ့ဝင်များသည် ရုရှားတပ်ဖွဲ့များ နှင့် ထိပ်တိုက်ရင်ဆိုင်မှုများတွင် အောင်မြင်မှုများရရှိနိုင်မည် မဟုတ်ကြောင်း ၎င်းက ဝန်ခံခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ ဗားမောင့်ပြည်နယ်တွင် ပါလက်စတိုင်းအမျိုးသား(၃)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ