အမေရိကန်နိုင်ငံ ဗားမောင့်ပြည်နယ်တွင် ပါလက်စတိုင်းအမျိုးသား(၃)ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
Pika (NSS) - နိုဝင်ဘာ ၂၇
အမေရိကန်နိုင်ငံ ဗားမောင့်ပြည်နယ်တွင် နိုဝင်ဘာလ(၁၅)ရက်က ပါလက်စတိုင်းအမျိုးသား သုံးဦး သေနတ်ဖြင့် ပစ်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း အမေရိကန်-အာရပ် ခွဲခြားဆက်ဆံမှုတိုက်ဖျက်ရေးကော်မတီက နိုဝင်ဘာလ(၂၆)ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသော ပါလက်စတိုင်းအမျိုးသားများမှာ အသက်(၂ဝ)နှစ်အရွယ်ဖြစ်ကြပြီး မိသားစုညစာ စားပွဲသို့ သွားနေစဉ် ယခုကဲ့သို့ ပစ်ခံခဲ့ရခြင်းဖြစ်ကြောင်း DNC က ပြောကြားခဲ့သည်။
ပါလက်စတိုင်းအမျိုးသားသုံးဦးထဲမှ နှစ်ဦးသည် ပါလက်စတိုင်းလက္ခဏာသင်္ကေတ Kuffiyeh ကို ဝတ်ဆင်ထားကြ ကာ အာရပ်ဘာသာစကားဖြင့် ပြောဆိုနေကြချိန်တွင် အမျိုးသားတစ်ဦးက ၎င်းတို့ကိုအော်ဟစ်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသူများမှာ Rhode Island ပြည်နယ် Brown University မှ ကျောင်းသားဖြစ်သော Hisham Awartani၊ ပင်ဆယ်ဗေးနီးယားပြည်နယ် Haverford ကောလိပ်မှကျောင်းသား Kinnan Abdel Hamid နှင့် Connecticut ပြည်နယ် Trinity ကော်လိပ်မှ ကျောင်းသား Tahseen Ahmed တို့ဖြစ်ကြောင်း ၎င်းတို့၏ မိသားစုဝင်များက ပြောကြားခဲ့သည်။
၎င်းတို့ သုံးဦးစလုံးမှာ အနောက်ဘက်ကမ်းခြေရှိ ပုဂ္ဂလိက Quaker အလယ်တန်းကျောင်း Ramallah Friends School မှ ဘွဲ့ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းသားနှစ်ဦးသည် ကျေးဇူးတော်နေ့အတွက် Burlington မြို့ရှိ အခြားကျောင်းသားတစ်ဦး၏ နေအိမ်သို့သွားရောက်လည်ပတ်စဉ် ယခုကဲ့သို့ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပြီးနောက် အမေရိကန်နိုင်ငံတစ်ဝှမ်း တွင် အစ္စလာမ်မစ်ဆန့်ကျင်ရေး ဖြစ်ရပ်များ တိုးပွားလာနေချိန်တွင် အဆိုပါပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ADC ၏ အမျိုးသားအမှုဆောင်ဒါရိုက်တာ Abed Ayoub က "ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တကယ်ကို စိုးရိမ်မိပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူတွေ အမြန်ဆုံးပြန်ကောင်းလာဖို့အတွက် ကျွန်တော်တို့ ဆုတောင်းပေးပါတယ်။ သူတို့တွေရဲ့ မိသားစုတွေ လိုအပ်သမျှအရာအားလုံးကို ကျွန်တော်တို့ ထောက်ပံ့ပေးသွားမှာပါ။ အချက်အလက်တွေအရတော့ ဒီပစ်ခတ်မှုဟာ အမုန်းတရားကြောင့်ဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ဟာ အာရပ်ဆန့်ကျင်ရေးနဲ့ ပါလက်စတိုင်းဆန့်ကျင်ရေးဖြစ်ရပ်တွေ ပိုမိုတိုးပွားလာတာကိုတွေ့ကြုံနေရပြီး ဒါဟာအမုန်းတရားတွေ ပြင်းထန် လာမှု ရဲ့ နောက်ထပ် ဥပမာတစ်ခုဖြစ်ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရှိ မင်္ဂလာဆောင်တစ်ခုတွင် သတို့သားဖြစ်သူက သတို့သမီး အပါအဝင် လူ(၄)ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း