အီရန်အမျိုးသမီးဖိုက်တာကို အနိုင်ယူပြီး ထိုင်းမွေထိုင်းပြိုင်ပွဲမှာ ၁၅ ပွဲဆက်တိုက် အနိုင်ရယူနိုင်ခဲ့သူ ဘရော်နီကာ
ဂျန်ဇက် (NSS) - နိုဝင်ဘာ ၂၇
ထိုင်းမွေထိုင်းပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်နေတဲ့ မြန်မာနိုင်ငံသား ကယန်း အမျိုးသမီးဖိုက်တာတစ်ဦးဖြစ်တဲ့ ဘရော်နီကာဟာ နိုဝင်ဘာ ၂၆ ရက်က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အနိုင်ရပြီးနောက် ၁၅ ပွဲ ဆက်တိုက် အနိုင်ရရှိသူဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ဘရော်နီကာ ဟာ နိုဝင်ဘာ ၂၆ ရက်က Thai Fight: Bang Kachao ပွဲစဉ်မှာ အီရန်နိုင်ငံသူ ဖိုက်တာတစ်ဦးဖြစ်တဲ့ Zahra Shokouhi နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ လက်ရည်အသာနဲ့ ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့တဲ့အတွက် အမှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
အသက် ၂၇ နှစ်အရွယ်ရှိ ဘရော်နီကာ ဟာ မြန်မာလက်ဝှေ့ပြိုင်ပွဲတွေကိုလည်း ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးသူဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလဖြစ်ပွားချိန်မှာ ထိုင်းနိုင်ငံ မွေထိုင်းလက်ဝှေ့ပြိုင်ပွဲကို ပြောင်းရွှေ့ယှဉ်ပြိုင်ခဲ့သူဖြစ်ပါတယ်။
မွေထိုင်းလက်ဝှေ့ပြိုင်ပွဲကျင်းပရေးအဖွဲ့ဖြစ်တဲ့ Thai Fight ဟာ ဘရော်နီကာကို လာရောက်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး သုံးနှစ်စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။ ဘရော်နီကာ ဟာ ထိုင်းမွေထိုင်းပြိုင်ပွဲကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီပြိုင်ပွဲမှာ Dangkongfah Smartheartpowerpackgirl အမည်ရှိ ထိုင်းအမျိုးသမီး ဖိုက်တာကို ရှုံးနိမ့်ခဲ့ကြောင်း သိရပါတယ်။
ဘရော်နီကာ အဲဒီပွဲစဉ် ရှုံးနိမ့်ပြီးနောက်ပိုင်းကတည်းက ထပ်မံယှဉ်ပြိုင်ခဲ့တဲ့ ထိုင်းမွေထိုင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိခဲ့ဘဲ ၁၅ ပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ကြောင်း သိရပါတယ်။ ဘရော်နီကာဟာ ထိုင်းမွေထိုင်းပွဲစဉ်တွေကို ယှဉ်ပြိုင်ချိန်အတွင်း ထိုင်း၊ ဘရာဇီး၊အီရန်၊ အီတလီ၊ဂရိ၊ အာဂျင်တီးနား၊ ဗီယက်နမ်နိုင်ငံတို့ရဲ့အမျိုးသမီးဖိုက်တာတွေကို အနိုင်ရယူခဲ့တာဖြစ်ပါတယ်။
ဘရော်နီကာ လာမယ့် ဒီဇင်ဘာလ ၂၄ ရက်မှာ ထိုင်းဖိုက်တာ Phayasingha Sor.Sommit နဲ့ ဆက်လက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ထားသည့် နှစ်ထပ်တိုက်ပြိုကျမှုကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း