ထိုင်းနာမည်ကြီး တက္ကသိုလ် (၁၂)ခုပါဝင်မည့် ပညာရေးပြပွဲ ရန်ကုန်၌ ကျင်းပမည်
စော (NSS) - နိုဝင်ဘာ ၂၂
(၆)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကို ရန်ကုန်၌ ကျင်းပသွားမည်ဖြစ်ပြီး ထိုင်းနာမည်ကြီး တက္ကသိုလ်(၁၂)ခု လာရောက်ပြသမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပညာရေးပြပွဲနှင့်ပတ်သက်၍ ထိုင်းတက္ကသိုလ်ဘွဲ့ရမြန်မာကျောင်းသားများအသင်း (AMAUT)က ယနေ့(နိုဝင်ဘာလ ၂၂ ရက်)တွင် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်းရှိ Park Royal Hotel ၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အထက်ပါကဲ့သို့ အသိပေးကြေညာခဲ့ခြင်းဖြစ်သည်။
ပြပွဲတွင် ထိုင်းနိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်ကျောင်းပေါင်း (၁၂)ကျောင်းမှ တာဝန်ရှိသူများက လာရောက်လေ့လာသူများနှင့် တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြပွဲအား လာရောက်လေ့လာလိုသူများကို ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်လေ့လာခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
“ထိုင်းတက္ကသိုလ်တွေက ဒီလာမယ့်ကျောင်းဖွင့်ချိန်မတိုင်ခင် ဒီလိုပွဲမျိုးလုပ်ချင်တယ်။ လုပ်ပေးနိုင်မလားပြောတဲ့အခါမှာ ကျွန်တော်တို့က ထိုင်းနိုင်ငံသံရုံးနဲ့ ဆွေးနွေးတယ်။ သူတို့ကလည်း အားပေးတယ်။ ဒီပြပွဲကို ကျွန်တော်တို့ ထိုင်းတက္ကသိုလ်ကျောင်းသားအသင်းအပြင် ထိုင်းသံရုံးရဲ့ ပံ့ပိုးမှုတွေလည်းပါဝင်ပါတယ်”ဟု ထိုင်းတက္ကသိုလ်ဘွဲ့ရ မြန်မာကျောင်းသားများအသင်း(AMAUT)မှ ဒုဥက္ကဋ္ဌ ဦးကောင်းစံက ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံရှိ တက္ကသိုလ်များတွင် တက်ရောက်လိုသည့် မြန်မာကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ပြပွဲတွင်လာရောက်ပြသမည့် တက္ကသိုလ်များမှ ပေးလာသော အချက်အလက်များကို တစ်နေရာတည်းတွင် ရွေးချယ်လေ့လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ (၆)ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကို လာမည့် ဒီဇင်ဘာလ (၃)ရက်တွင် နံနက် (၉)နာရီမှ ညနေ (၄)နာရီအထိ Park Royal Hotel ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားနိုင်ငံရဲ့ကူညီပေးမှုကြောင့် မြောက်ကိုရီးယားနိုင်ငံရဲ့သုံးကြိမ်မြောက် စပိုင်ဂြိုလ်တုလွှတ်တင်မှု အောင်မြင်
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း