နိုင်ငံအပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သော လွိုင်ကော်တက္ကသိုလ်မှ ပါချုပ်နှင့် ဆရာ/မများကို ကယ်တင်နိုင်ရေး ကြိုးပမ်းနေဟု နစကဆို
မြူနစ် (NSS) - နိုဝင်ဘာ ၂၂
နိုင်ငံအပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သော လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/မများကို ပြန်လည်ကယ်တင်နိုင်ရေး ကြိုးပမ်းနေကြောင်း နစကဘက်က ဆိုသည်။
KNPP နှင့် PDF အဖွဲ့တို့သည် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်မသက်ဆိုင်သော ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့များသည် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများအား CDM မပြုလုပ်သည့်အတွက် သတ်ဖြတ်မည်ဟု ခြိမ်းခြောက်ကာ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းသာဖြစ်ပြီး ဆရာ၊ ဆရာမအချို့ကိုလည်း ရက်စက်စွာသတ်ဖြတ်ခဲ့သည်ကို တွေ့ရှိရသည်ဟု နစကဘက်က ဆိုသည်။
ထိုသို့ ပါချုပ်အပါအဝင် ဆရာ၊ ဆရာမများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း၌ အထက်ပါလက်နက်ကိုင်အဖွဲ့များက လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမ၊ ဝန်ထမ်း (၂၀၄)ဦးသည် ဘေးကင်းလုံခြုံစွာရှိနေကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။
“ဒီနေ့မှာ လွိုင်ကော်တက္ကသိုလ် ဆရာ၊ ဆရာမတွေကိစ္စနဲ့ပတ်သက်ပြီး အကြမ်းဖက် KNPP အဖွဲ့အနေနဲ့ ဗီဒီယိုဖိုင်တွေတင်၊ ကြေညာချက်တွေထုတ်ပြီးတော့ သူ့ဆီမှာရှိတဲ့အကြောင်း ပြောကြားနေတာ၊ ဝါဒဖြန့်နေတာ တွေ့ရပါတယ်။ ဖြစ်စဉ်အမှန်ကတော့ လွိုင်ကော်တက္ကသိုလ်ထဲဝင်ပြီတော့ ဆရာ၊ ဆရာမတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်” ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များကို ကယ်ထုတ်ခဲ့ကြောင်း ၎င်းလက်နက်ကိုင်အဖွဲ့များက ပြောဆိုနေမှုများသည် မဟုတ်မမှန်ဝါဒဖြန့်နေခြင်းသာ ဖြစ် ကြောင်း နစကမှ တုံ့ပြန်ထားသည်။
“ထိန်းသိမ်းခံထားရတဲ့ ဆရာ၊ ဆရာမတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ခု ထိခိုက်နစ်နာမှုရှိခဲ့ရင် ဖမ်းဆီးထိန်းသိမ်းထားတဲ့အဖွဲ့ကတာဝန်ယူပြီး တာဝန်ခံရမယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်ဆိုတာကို ပြောလိုပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်းမရှိဘဲ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်ခဲ့သော လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများအား ဘေးကင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ရေး အစွမ်းကုန်ကြိုးပမ်းနေကြောင်း နစကဘက်က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်လက်နက်ကိုင်အဖွဲ့ နဲ့ ယာယီအပစ်ခတ်ရပ်စဲထားပေမယ့်စစ်ပွဲကို ဆက်တိုက်သွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း