အာဂျင်တီးနားနိုင်ငံအနေဖြင့် BRICS အဖွဲ့တွင် ပါဝင်မည်မဟုတ်ကြောင်း ရွေးကောက်ခံသမ္မတအသစ်ပြော
Pika (NSS) - နိုဝင်ဘာ ၂၁
အာဂျင်တီးနားနိုင်ငံသည် လာမည့်နှစ် ဇန်နဝါရီလ(၁)ရက်တွင် BRICS အဖွဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်လာရန် စီစဉ်ထားခြင်း မျိုးမရှိကြောင်း ရွေးကောက်ခံသမ္မတ Javier Milei ၏ အကြီးတန်းစီးပွားရေးအကြံပေး ဒိုင်ယာနာမွန်ဒီနိုက ပြောကြားခဲ့သည်။
အာဂျင်တီးနားအစိုးရသည် BRICS အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားချက်ကို ပြီးခဲ့သည့်ဩဂုတ်လတွင် အတည်ပြုခဲ့ခြင်း ဖြစ်ပြီး အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်၊ ဆော်ဒီအာရေးဗျ နှင့် ယူအေအီးတို့သည် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလတွင် BRICS အဖွဲ့တွင် ပါဝင်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်တွင် BRICS အဖွဲ့မှာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိကတို့ ပါဝင်ကြောင်းလည်း သိရသည်။ ဒိုင်ယာနာမွန်ဒီနို က "BRICS အဖွဲ့နဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုတွေ ဘာကြောင့် အရမ်းများနေတယ်ဆို တာကို ကျွန်တော်မသိပါဘူး။ BRICS အဖွဲ့မှာ ပါဝင်ခြင်းက အာဂျင်တီးနားကို အကျိုးအမြတ်ရစေမှာလား ဆိုတာ ကလည်း ရှင်းရှင်းလင်းလင်းမသိရှိရသေးပါဘူး" ဟု ပြောခဲ့သည်။
နိုဝင်ဘာလ(၁၉)ရက်တွင် ကျင်းပသော အာဂျင်တီးနားသမ္မတရွေးကောက်ပွဲတွင် စီးပွားရေးဝန်ကြီး Sergio Massa ကို အနိုင်ယူခဲ့သော Javier Milei သည် BRICS အဖွဲ့တွင် ပါဝင်ခြင်းမပြုရန် ယခင်တည်းက ဆန့်ကျင်ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အာဂျင်တီးနားနိုင်ငံအနေဖြင့် အမေရိကန်၊ အစ္စရေး တို့နှင့် စီးပွားရေးအရ ချိတ်ဆက်လုပ်ဆောင်ရန် စီစဉ်နေသော်လည်း တရုတ်၊ ဘရာဇီးတို့နှင့် စီးပွားရေးဆက်ဆံမှုများကို ထောက်ခံရန် သဘောမတူကြောင်း Javier Milei က ပြောဆိုခဲ့သည်။
၎င်းက "ကျွန်တော်ကွန်မြူနစ်တွေနဲ့ သဘောတူညီမှုတွေလုပ်ဖို့ တွန်းအားပေးမှာ မဟုတ်ပါဘူး၊၊ ဘာကြောင့်လဲ ဆိုတော့ သူတို့ဟာ လွတ်လပ်စွာကုန်သွယ်မှု၊ လွတ်လပ်မှု နှင့် ဒီမိုကရေစီရဲ့အခြေခံသတ်မှတ်ချက်ဘောင်တွေကို မလေးစားကြလို့ပါပဲ။ အချို့နိုင်ငံတွေဟာ အဲဒီသတ်မှတ်ချက်တွေအတိုင်း လိုက်နာခြင်းမျိုးမရှိပါဘူး" ဟု ပြောခဲ့သည်။
BRICS အဖွဲ့တွင် ပါဝင်ခြင်းသည် အာဂျင်တီးနားနိုင်ငံအတွက် အခြေအနေအသစ်များကို ဖွင့်လှစ်ပေးနိုင်မည့် အခွင့်အလမ်းတစ်ခုအဖြစ် ရှုမြင်ကြောင်း နှုတ်ထွက်သွားသော သမ္မတ Alberto Fernandez က ပြီးခဲ့သည့် ဩဂုတ်လတွင် ထုတ်ဖော်ပြောခဲ့သည်။
အာဂျင်တီးနားနိုင်ငံသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရပြီး ပြီးခဲ့သည့်နှစ် (၁)နှစ်အတွင်း ငွေကြေးဖောင်းပွမှုမှာ (၆ဝ)ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံရှိ ပဋိပက္ခဖြစ်ပွားနေသောနေရာများမှ ထွက်ခွာသွားနိုင်ရန်အတွက် နိုင်ငံခြားသားများကို ကူညီပေးနေကြောင်း တရုတ်အစိုးရပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ