လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမနှင့် ဝန်ထမ်း (၁၉၄)ဦး ဘေးကင်းလုံခြုံစွာရှိနေကြောင်း အသိပေးထုတ်ပြန်
မြူနစ် (NSS) - နိုဝင်ဘာ ၂၁
ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမ နှင့် ဝန်ထမ်း (၁၉၄)ဦး ဘေးကင်းလုံခြုံစွာရှိနေကြောင်း KNDF လက်နက်ကိုင်အဖွဲ့က အသိပေးထုတ်ပြန်ထားသည်။
KNDF လက်နက်ကိုင်အဖွဲ့သည် ယမန်နေ့(နိုဝင်ဘာလ ၂၀ ရက်)တွင် ရုပ်သံဖိုင်နှင့်တကွ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
KNPP၊ KNDF နှင့် PDF ပူးပေါင်းအဖွဲ့များသည် နိုဝင်ဘာလ ၁၁ ရက်တွင် (၁၁.၁၁ စစ်ဆင်ရေး)အမည်ဖြင့် လွိုင်ကော်မြို့နှင့်တစ်ဝိုက်ရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခဲ့သည်။
အဆိုပါစစ်ဆင်ရေးကာလအတွင်း လွိုင်ကော်တက္ကသိုလ်၌ တပ်မတော်နှင့် အထက်ပါလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“၁၁ ရက်နေ့ တိုက်ပွဲတွေစဖြစ်တဲ့အချိန်မှာ ဆရာ၊ ဆရာမဝန်ထမ်းအားလုံး ပင်မဆောင် အောက်ဆုံးထပ်မှာ စုစည်းပြီးတော့ နေထိုင်ပါတယ်။ အဲဒီအချိန်မှာ တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးတွေ အများကြီး ပတ်ဝန်းကျင်မှာ ကျတဲ့အတွက် ပြည်သူ့ရဲဘော်အဖွဲ့လို့ ပြောတဲ့သူတွေက ကျွန်တော်တို့ကို လာရောက်ပြီးတော့ ခေါ်ဆောင်ပါတယ်။ ပထမအဆင့်အနေနဲ့ အင်္ဂလိပ်စာဌာနထဲမှာ ထားပါတယ်။ အင်္ဂလိပ်စာဌာနထဲမှာ တစ်နေကုန်နီးပါးနေပြီးတော့မှ ညနေပိုင်းကြမှ ကျွန်တော်တို့ကို ထပ်ပြီးတော့ ပိုပြီးတော့ လုံခြုံတဲ့နေရာကို ခေါ်ထုတ်ထားပါတယ်” ဟု လွိုင်ကော်တက္က သိုလ်ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်က KNDF မှ ထုတ်ပြန်ထားသော ရုပ်သံဖိုင်တွင် ထည့်သွင်းပြောကြားထားသည်။
လက်ရှိတွင် ပါမောက္ခချုပ်ဒေါက်တာအောင်ခင်မြင့်သည် ဆရာ/ဆရာမ၊ ဝန်ထမ်းများနှင့်အတူ လုံခြုံကျန်းမာစွာရှိနေကြောင်း သိရသည်။
“အခုလောလောဆယ် ဒီမှာ ကျွန်တော့် တက္ကသိုလ်က ဆရာ/ဆရာမ၊ ဝန်ထမ်း (၁၉၄)ယောက်နဲ့ အတူရှိနေပါတယ်။ ကျွန်တော့်ကို သေသွားပြီဆိုတဲ့ သတင်းအမှားအပေါ်မှာတော့ ကျွန်တော်က ဒီမှာ လုံလုံခြံခြုံကျန်းကျန်းမာမာ ရှိနေတယ်ဆိုတဲ့အကြောင်း ပြောချင်ပါတယ်” ဟု ဒေါက်တာအောင်ခင်မြင့်က ပြော သည်။
လွိုင်ကော်မြို့နှင့်တစ်ဝိုက်တွင် ဖြစ်ပွားသော တိုက်ပွဲဖြစ်စဉ်များအတွင်း KNPP နှင့် PDF အဖွဲ့များသည် လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာ/ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသား/ကျောင်းသူများကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားသည်ဟု နစကဘက်က သတင်းထုတ်ပြန်မှုရှိခဲ့သည်။
ထိုသို့ဖမ်းဆီးခံခဲ့ရသော တက္ကသိုလ်ပါမောက္ခချုပ်အပါအဝင် ဆရာ/ဆရာမ၊ ဝန်ထမ်းများကို ဘေးကင်းလုံခြုံစွာဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် နစကဘက်က ကြေညာချက်ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်သူများအား ဆေးကုသမှုကုန်ကျစရိတ် မရှိစေရေး စီစဉ်ဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးတိုက်တွန်း
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း