မှတ်ပုံတင်ခွင့်ပြုပြီးနောက် ရက်ပေါင်း(၉၀)အတွင်း ပါတီဝင်ဦးရေ (၁၀၀၀) စည်းရုံးနိုင်ခြင်းမရှိ၍ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်း
မျိုးကြီး (NSS) - နိုဝင်ဘာ ၂၁
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပြီးနောက် ရက်ပေါင်း (၉၀)အတွင်း ပါတီဝင်ဦးရေ (၁၀၀၀) စည်းရုံးနိုင်ခြင်းမရှိ၍ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် ဖျက်သိမ်းခံခဲ့ရသည်။
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့(နိုဝင်ဘာလ ၂ဝ ရက်) ညပိုင်းတွင် ကြေညာခဲ့သည်။
၎င်းပါတီအား ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယခု ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ မှတ်ပုံတင်ခွင့်ပြုသည့် မေလ ၃၀ ရက်မှစ၍ သြဂုတ်လ ၂၇ ရက်အထိ ရက်ပေါင်း(၉၀) အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး (၁၀၀၀)ကို စည်းရုံးနိုင်ခြင်း မရှိခဲ့ကြောင်း ကော်မရှင်က ဆိုသည်။
ဆက်လက်ပြီး ပါတီဝင်အင်အား ပြည့်မီရေးအတွက် အောက်တိုဘာလ ၃၁ ရက် နောက်ဆုံးထားကာ ပြန်လည်တင်ပြရန် အကြောင်းကြားခဲ့သော်လည်း သတ်မှတ်ချက်နှင့်ကိုက်ညီသော အင်အားစာရင်းကို တင်ပြနိုင်မှုမရှိခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု ရွေးကောက်ပွဲကော်မရှင်ဘက်က ဆိုသည်။
ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ ပုဒ်မခွဲ(ခ)အရ ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ကြောင်း အသိပေးထားသည်။
ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီသည် နိုဝင်ဘာလ ၂၀ ရက်မှစ၍ ဖျက်သိမ်းခြင်းခံခဲ့ရပြီး လက်ရှိ နစကလက်ထက်၌ ပါတီဝင်ဦးရေ (၁၀၀၀)စည်းရုံးနိုင်ခြင်းမရှိသော ပါတီအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ပါတီဖျက်သိမ်းခံရမှုနှင့်ပတ်သက်၍ NSS အနေဖြင့် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီထံသို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။
နစကလက်ထက်၌ ပြန်လည်ပြဋ္ဌာန်းခဲ့သော နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအရ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားခဲ့သော ပါတီမှာ (၆၄)ပါတီရှိပြီး လက်ရှိတွင် နိုင်ငံရေးပါတီ (၄၂)ပါတီကို မှတ်ပုံတင်ခွင့်ပြုပေးထားကာ ကျန်ပါတီများကို ဆက်လက်စိစစ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မန္တလေးအမြန်လမ်း၌ သားအဖ(၂)ဦးဆိုင်ကယ်စီးလာစဉ် အုပ်စုဖွဲ့လုယက်ခံရပြီးနောက် ဖခင်ဖြစ်သူ ဓားဖြင့်ထိုးသတ်ခံခဲ့ရ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ