ရန်ကုန်-မန္တလေးအမြန်လမ်း၌ သားအဖ(၂)ဦးဆိုင်ကယ်စီးလာစဉ် အုပ်စုဖွဲ့လုယက်ခံရပြီးနောက် ဖခင်ဖြစ်သူ ဓားဖြင့်ထိုးသတ်ခံခဲ့ရ
သန့်ဇင် (NSS) - နိုဝင်ဘာ ၂၁
မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် သားအဖ(၂)ဦးဆိုင်ကယ်စီးလာစဉ် အုပ်စုဖွဲ့ဆိုင်ကယ်လုယက်ခံရပြီးနောက် ဖခင်ဖြစ်သူ ဓားဖြင့်ထိုးသတ်ခံခဲ့ရကြောင်း မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော နိုဝင်ဘာလ ၁၈ ရက်၊ ည ၇နာရီခန့်က အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၆၁/၁)တွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
"ရွာကလူတွေပြောကြတာတော့ သူ့တိုသားအဖ(၂)ဦးက အပြင်သွားမယ်ဆိုပြီး ဆိုင်ကယ်နဲ့ထွက်သွားတာ။ ခဏကြာတော့ ကလေးက အိမ်ပြန်လာတယ်။ ကလေးကလည်း ပါးစပ်ထဲမှာ အဝတ်စတွေထည့်ပြီး တိပ်နဲ့ပိတ်ခံထားရတယ်။ ကလေးပြောလို့ သွားကြည့်တာမှာ ဖခင်က ဓားဒဏ်ရာနဲ့သေဆုံးနေတာတွေ့တာပါ။ အခင်းဖြစ်တဲ့နေရာက ရွာနဲ့ဆို ၁ မိုင်နီးပါးလောက်ပဲဝေးတယ်"ဟု မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ ဓားဖြင့်ထိုးသတ်ခံရသူသည် အမရပူမြို့နယ်၊ နတ်ပန်ဆင်ကျေးရွာတွင်နေထိုင်သည့် အသက် (၄၃) နှစ်အရွယ် ဦးငွေချစ်ဖြစ်ကြောင်း သိရသည်။
ဦးငွေချစ်သည် အုပ်စုဖွဲ့ဆိုင်ကယ်လုယက်သူများ၏ ဓားဖြင့်ထိုးသတ်မှုကြောင့် ဘယ်ဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်
"တရားခံတွေမိပြီလားတော့မသိသေးပါဘူး။ ဆိုင်ကယ်တော့ ပါသွားတယ်။ ခုထိတော့ စုံစမ်းနေတုန်းပါ။ အဖွဲ့နဲ့ လုပ်တယ်လို့ ထင်တယ်"ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားအား မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအသင်းမှ မန္တလေးပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မန္တလေးမြို့တွင် အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှုများမှာ မကြာခဏဖြစ်ပွားလျက်ရှိပြီး ဒေသခံပြည်သူများအနေဖြင့် စိုးရိမ်စိတ်များဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိပ်ဖြူမြို့နယ်ရှိ ကားလမ်ပေါ်တွင် PDF အဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်ကယ်စီးလာသူ(၂)ဦး သေဆုံး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း