ပြည်ထောင်စုလမ်းမ တစ်လျှောက်ရှိ ဖျက်ဆီးခံထားရသည့် နေရာ(၁၂)ခုကို ပြင်ဆင်ပြီးဖြစ်၍ ကျောက်မဲမြို့ထိ သွားလာနိုင်ပြီဟု နစက အသိပေး
Pearl (NSS) - နိုဝင်ဘာ ၂၁
ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုလမ်းမ တစ်လျှောက်ရှိ ဖျက်ဆီးခံထားရသည့် နေရာ(၁၂)ခုကို ပြင်ဆင်ပြီးဖြစ်၍ ကျောက်မဲမြို့ထိသွားလာနိုင်ပြီဟု နစက က ယမန်နေ့ (နိုဝင်ဘာလ ၂၀ ရက်)တွင် အသိပေးထုတ်ပြန်ထားသည်။
TNLA အဖွဲ့နှင့် PDF များအနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ဌာနဆိုင်ရာ အဆောက်အဦးများ၊ လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း အပါအဝင် အကြမ်းဖက်လုပ်ငန်းများပြုလုပ်လျက်ရှိကြောင်း သိရသည်။
စစ်ရေးပစ်မှတ်မဟုတ်သည့် အများပြည်သူ အသုံးပြုသွားလာလျက်ရှိသော လမ်းများကိုလည်း ကန့်လန်ဖြတ်မြောင်းကြီးများတူး၍ လမ်းအားဖျက်ဆီးခြင်း၊ မြေဆိုင်များဖြင့် ပိတ်ဆို့ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း နစကမှဆိုသည်။
TNLA အဖွဲ့နှင့် PDF များသည် ပြင်ဦးလွင် - နောင်ချို - ကျောက်မဲ - လားရှိုး ပြည်ထောင်စုကားလမ်းမကြီးတစ်လျှောက်ရှိ နောင်ချိုမြို့နယ်၊ ရွှေညောင်ပင်အနီးတွင် (၁) နေရာ၊ လယ်ကျင်းကွေ့ကျေးရွာအနီးတွင် (၁) နေရာ၊ အုမ္မခါးကျေးရွာအနီးတွင် (၁) နေရာ၊ ဂုတ်တွင်းရှုခင်းသာအနီးတွင် (၁) နေရာ၊ နောင်ပစ်လမ်းခွဲတွင် (၁) နေရာ၊ နောင်ပစ်နှင့် နောင်ပိန်းကျေးရွာကြားရှိ (၇) နေရာတို့၌ မြေဖြတ်ကျင်းများတူး၍ လမ်းအားဖြတ်တောက်ပိတ်ဆို့ခဲ့ကြောင်း သိရသည်။
ထို့အတူ အချို့နေရာများတွင် သစ်ပင်ကြီးများအား ခုတ်လှဲပိတ်ဆို့ခြင်း နှင့် မြေကြီးများစုပုံပိတ်ဆို့ခြင်းများ ပြုလုပ်ခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများသွားလာမှုရပ်တန့်ခဲ့ပြီး ပြည်သူများ၏ အရေးပေါ်ကျန်းမာရေးအခြေအနေများအတွက် သွားလာရန် အခက်အခဲဖြစ်ပေါ်ခဲ့ကြောင်း နစကမှ ဆိုသည်။
အဆိုပါနေရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြီးခဲ့သည့် နိုဝင်ဘာလ (၆)ရက်မှစ၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ကာ အတားအဆီးများဖယ်ရှားရှင်းလင်း၍ ပြန်လည်အသုံးပြုသွားလာနိုင်ရန်ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ(၁၉) ရက်၊ ညပိုင်းတွင် ပိတ်ဆို့ဖျက်ဆီးထားသည့် နေရာ (၁၂)ခုအား ပြန်လည်ဖယ်ရှားရှင်းလင်းပေးနိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီဖြစ်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ ကျန်ရှိသည့် နေရာများအား ပုံမှန်အတိုင်း ပြန်လည်အသုံးပြုသွားလာနိုင်ရေးအတွက် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သီလဝါသဘာဝဓာတ်ငွေသုံး ဓာတ်အားပေးစက်ရုံကို ပြန်လည်လည်ပတ်ရန်စီစဉ်နေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ