အခြေခံပညာကျောင်းအချို့ပိတ်မည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ဟု နစကပြောခွင့်ရဆို
ကျော် (NSS) - နိုဝင်ဘာ ၂၁
လတ်တလောထွက်ပေါ်နေသည့် အခြေခံပညာကျောင်းအချို့ပိတ်မည်ဆိုခြင်းမှာ ကောလာဟလသာဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထွက်ပေါ်နေသည့် ကောလာဟလသတင်းများ၊ တရားမဝင် ဝင်ရောက်လာသော တရုတ်နိုင်ငံသားများအား တရုတ်နိုင်ငံသို့ထပ်မံလွှဲပြောင်းပေးမှု၊ တိုက်ပွဲဖြစ်ပွားနေမှုများနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ယမန်နေ့ (နိုဝင်ဘာလ ၂ဝ ရက်)က မီဒီယာများအား ရှင်းလင်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
"ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထုတ်လွှင့်နေတာကိုတွေ့ရပါတယ်။ တချို့မြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေပိတ်ရမယ့် အခြေအနေရှိတယ်၊ ကျောင်းပိတ်မယ်ဆိုတာမျိုးထုတ်လွှင့်နေကြပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထိုသို့ အခြေခံပညာကျောင်းများပိတ်မည်ဟု သတင်းထွက်ပေါ်နေမှုများသည် ကောလာဟလသာဖြစ်ပြီး မည်သည့် အခြေခံပညာကျောင်းမှ ပိတ်ထားခြင်းမရှိဟု ပြောသည်။
"ဘယ်ကျောင်းမှပိတ်ထားတာမရှိပါဘူး။ ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်သွားမှာပါ။ ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ စိတ်အေးချမ်းသာစွာ ဆက်လက်ပညာသင်ကြားကြဖို့ ပြောကြားလိုပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ပြင် တက္ကသိုလ်၊ ကောလိပ်များကိုလည်း နိုဝင်ဘာလ ၂၃ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ နိုဝင်ဘာလ ၁၆ ရက်မှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိသည်ဟု ပြောသည်။
"တက္ကသိုလ်၊ ကောလိပ်တွေ ကျောင်းအပ်လက်ခံရာမှာလည်း အရင်နှစ်ကထက်ပိုပြီး လက်ခံရရှိတာကိုတွေ့ရပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အဝေးသင်တက္ကသိုလ်စာမေးပွဲများဖြေဆိုရာတွင် လုံခြုံရေးအခြေအနေအရ လွိုင်ကော်မြို့နှင့်ကသာမြို့တို့တွင်သာ နိုဝင်ဘာလ ၁၃ ရက်မှစတင်၍ စာမေးပွဲဖြေဆိုမှုကို ယာယီဆိုင်းငံ့ထားခဲ့ကာ ပြန်လည်ဖြေဆိုမှုများပြုလုပ်ပေးသွားမည်ဟု ၎င်းကပြောသည်။
ယင်းသို့ ကောလာဟလသတင်းများထုတ်လွှင့်မှုသည် နိုင်ငံတော်၏ လူမှုရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများကို ထိခိုက်ပျက်စီးစေလို၍ ထုတ်လွှင့်နေကြခြင်းဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနဲ့ ယာယီအပစ်ခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း ဟားမက်စ်လက်နက်ကိုင်အဖွဲ့ပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း