မြန်မာ-အိန္ဒိယပူးပေါင်းဆောင်ရွက်နေသော ကုလားတန်မြစ်ဘက်စုံစီမံကိန်းရှိ လုံခြုံရေးစခန်းများကို ULA/AA တိုက်ခိုက်
မြူနစ် (NSS) - နိုဝင်ဘာ ၂၀
မြန်မာ-အိန္ဒိယပူးပေါင်းဆောင်ရွက်နေသော ကုလားတန်မြစ်ဘက်စုံစီမံကိန်းရှိ လုံခြုံရေးစခန်းများကို ULA/AA အဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့ (နိုဝင်ဘာလ ၁၉ ရက်)တွင် နိုင်ငံအတွင်းဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောဆိုရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည် ယမန်နေ့(နိုဝင်ဘာလ ၁၉ ရက်)တွင် နယ်ခြားစောင့်ရဲကင်းစခန်းများဖြစ်သည့် ကိုးတန်ကောက်စခန်း၊ ထရွန်အိုင်စခန်း နှင့် နုန်းဘူးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု နစကမှ ဆိုသည်။
“ရခိုင်ပြည်နယ်ဘက်မှာတော့ ထရွန်အိုင်စခန်းကို လာရောက်ပစ်ခတ်ခဲ့တာရှိတယ်။ နယ်ခြားစောင့်ရဲတွေအခြေပြုတဲ့ အလယ်သံကျော်ရဲ့တောင်ဘက် ကိုးတန်ကောက်စခန်းကို လာရောက်ပစ်ခတ်ခဲ့တာရှိပါတယ်။ ဒီနေရာမှာ ထူးခြားချက်ကတော့ ပထမဦးဆုံး ရခိုင်ပြည်နယ်ထဲမှာ အစောပိုင်းက ကျွန်တော်ပြောခဲ့တဲ့ ထရွန်အိုင်၊ နုန်းဘူးစတဲ့အဲဒီစခန်းတွေက မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးလမ်းဖောက်နေတဲ့ ကုလားတန်မြစ်ဘက်စုံ စီမံကိန်းလုပ်နေတဲ့ လုံခြုံရေးစခန်းတွေ ဖြစ်ပါတယ်။ AA အနေနဲ့ ဒီနေရာတွေကို အဓိကထားပြီး တိုက်ခိုက်နေတာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထိုသို့တိုက်ခိုက်မှုများသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတားဖြစ်စေကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
“ဒါ့ပြင် အဲဒီနယ်မြေက အဓိကအားဖြင့် ချင်းတိုင်းရင်းသားမျိုးနွယ်စုတွေ ခူမီးတိုင်းရင်းသားမျိုးနွယ်စုနေတဲ့နေရာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပလက်ဝနဲ့ပလက်ဝမြောက်ဘက်ဒေသတွေမှာ နေထိုင်တဲ့ဒေသခံတွေအနေနဲ့ကလည်း AA ကို အထူးဆန့်ကျင်ရှုတ်ချကြောင်း ပြောကြားလာတာတွေ ရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ထို့ကြောင့် AA အနေဖြင့် နယ်မြေဖွံ့ဖြိုးတိုးတက်မှုမရှိရေး၊ နယ်မြေပိတ်ဆို့ရပ်တန့်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်သကဲ့သို့ တိုင်းရင်းသားအချင်းချင်း နှိပ်ကွက်ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် တပ်မတော်အနေဖြင့် ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်သွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။
ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA သည် ပြီးခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံ ရေးစခန်းအချို့ကို တိုက်ခိုက်ပြီးနောက် တစ်ကျော့ပြန်စစ်ပွဲကို ပြန်လည်ဖော်ဆောင်ခဲ့သည်။
လက်ရှိတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်စွာထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူအများအပြားလည်း ရှိနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တိုက်ပွဲများအတွင်း ဆေးဘက်ဆိုင်ရာအဆောက်အဦးများ၊ ဝန်ထမ်းများ နှင့် လူနာများ မထိခိုက်ရေး အကာအကွယ်ပေးရန် MSF Myanmar တိုက်တွန်းတောင်းဆို
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ