ပြည်ထောင်စုလမ်းမပေါ် နောင်ချို နှင့် ကျောက်မဲတစ်ဝိုက်တွင် TNLA၊ PDF အဖွဲ့က ဖျက်ဆီးခဲ့သော တံတား နှင့် လမ်းပိုင်းများကို ပြင်ဆင်ပြီးဖြစ်ဟု နစကဆို
မြူနစ် (NSS) - နိုဝင်ဘာ ၁၉
ပြည်ထောင်စုလမ်းမပေါ် နောင်ချို နှင့် ကျောက်မဲတစ်ဝိုက်တွင် TNLAနှင့် PDF ပူးပေါင်းအဖွဲ့က ဖျက်ဆီးခဲ့သော တံတားနှင့်လမ်းပိုင်းများကို ပြင်ဆင်ပြီးဖြစ်ကြောင်း နစကမှ ဆိုသည်။
နစကပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့တွင် တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ မီဒီယာများကို ရှင်းလင်းပြောဆိုရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမကြီးအပေါ် နောင်ချိုမြို့အနီးရှိ နေရာ(၃)ခုတွင် TNLA၊ PDF ပူးပေါင်းအဖွဲ့က တံတားငယ်များကို ဖျက်ဆီးခြင်း၊ မြေဖျက်ကျင်းများတူကာ လမ်းပိုင်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု နစကပြောခွင့်ရက ဆိုသည်။
“နောင်ချိုနဲ့ ကျောက်မဲကြား (၉)နေရာမှာ အဲဒီလိုပဲ တံတားငယ်တွေကို ချိုးသွားတာ၊ မြေဖျက်ကျင်းတွေတူးပြီး လမ်းကို ဖျက်ဆီးသွားတာရှိတယ်။ အဲဒီ(၁၂)နေရာစလုံးကို ကျွန်တော်တို့အနေနဲ့ ဒီနေ့မှာ အားလုံးပြင်ဆင်ပြီး ဖြစ်ပါတယ်။ နောက်ထပ်တိုးချဲ့ပြီး ပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမသည် ပြည်သူလူထုနှင့် နိုင်ငံတော်အတွက် အရေးကြီးသည့် လမ်းမကြီးတစ်ခုဖြစ်ပြီး အဓိက ကုန်စည်ကူးသန်းရောင်းဝယ်သည့် လမ်းမဖြစ်ကြောင်း သိရသည်။
“ဒီလမ်းမကြီးနဲ့ပတ်သက်ရင် ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက်အရေးကြီးတဲ့ လမ်းမကြီးဖြစ်တဲ့အတွက်၊ ပြည်သူလူထုရဲ့အဓိကကုန်စည်ကူးသန်း ရောင်းဝယ်တဲ့လမ်းမကြီးဖြစ်တဲ့အတွက် အမြန်ဆုံးလုံခြုံမှုရှိစေရေးအတွက် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောကြားလိုပါတယ်” ဟု ၎င်းက ထပ်မံပြောသည်။
လက်ရှိတွင် နောင်ချိုမြို့နှင့် ကျောက်မဲမြို့တစ်ဝိုက်၌ ပျက်စီးမှုများရှိခဲ့သော ပြည်ထောင်စုလမ်းမအား နစကဘက် က ပြုပြင်မှုများ ပြီးစီးခဲ့ပြီးဖြစ်သော်လည်း ဒေသခံပြည်သူ၊ ကုန်စည်ပို့ဆောင်ရေးယာဉ်များအနေဖြင့် ဖြတ်သန်း သွားလာခွင့်မရရှိ သေးကြောင်း သိရသည်။
“လမ်းပိုင်းတွေကိုတော့ ပြင်ပြီးသွားလို့ ကြားပါတယ်။ ဒါပေမယ့် ဖြတ်သန်းသွားလာခွင့်တော့ မပေးဘူး။ ဘာကြောင့် မပေးတာလဲတော့ မသိဘူးပေါ့။ ကျွန်တော်ထင်တယ် မိုင်းတွေ ရှင်းတာတို့၊ ဘာတို့ကို လုံခြုံရေးအဖွဲ့က ဆက်လက် လုပ်ပေးနေတယ်လို့ ထင်တယ်။ လုံခြုံပြီဆိုမှပဲ ဖြတ်သန်းခွင့် ပေးလောက်တယ်” ဟု နောင်ချိုမြို့ခံတစ်ဦးက NP News ကို ပြောသည်။
ထို့ပြင် TNLA ပူးပေါင်းအဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့သော ကျောက်မဲမြို့ နှင့် သီပေါမြို့ကြား၊ ပြည်ထောင်စုလမ်းမပေါ်ရှိ ကျင်သီတံတားသည် လက်ရှိအချိန်ထိ ပြုပြင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
မိုင်းခွဲခံရမှုကြောင့် ကျိုးကျပျက်စီးခဲ့သော ကျင်သီတံတားသည် ယခုအချိန်ထိ ပြင်ဆင်နိုင်ခြင်းမရှိသေးသည့်အတွက် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးကိစ္စ၊ လူမှုရေးကိစ္စများ အပါအဝင် ကုန်စည်သယ်ယူပို့ဆောင်ရေးတို့တွင် ခက်ခက်ခဲခဲဖြင့် သွားလာလုပ်ဆောင်နေရလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးက နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်း ရှိ/မရှိ ဆိုသည့်အချက်ကို ဖြေရှင်းရမည့်အချိန်ရောက်လာပြီဖြစ်ကြောင်း တူရကီသမ္မတပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ