ဖြစ်ပွားနေဆဲ လက်နက်ပဋိပက္ခများ၏ နောက်ကွယ်၌ EAO အဖွဲ့များရှိနေသည့်အပြင် ပြည်ပနိုင်ငံများကလည်း ငွေကြေးထောက်ပံ့မှုများရှိနေဟု နစကဆို
မျိုးကြီး (NSS) - နိုဝင်ဘာ ၁၈
နိုင်ငံအတွင်း ဖြစ်ပွားနေဆဲ လက်နက်ပဋိပက္ခများ၏ နောက်ကွယ်၌ EAO အဖွဲ့များရှိနေသည့်အပြင် ပြည်ပနိုင်ငံများကလည်း ငွေကြေးထောက်ပံ့မှုများရှိနေကြောင်း နစကဘက်က ဆိုသည်။
နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန်နေ့(နိုဝင်ဘာလ ၁၇ ရက်)တွင် နိုင်ငံအတွင်းဖြစ်ပွားနေသည့်တိုက်ပွဲများနှင့်ပတ်သက်၍ မီဒီယာများကို ရှင်းလင်းအသိပေးရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကယားပြည်နယ်အတွင်းရှိ KNPP၊ PDF အဖွဲ့များထံသို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများစွာကို နိုဝင်ဘာလ ၁၆ ရက်တွင် ပင်လုံမြို့၌ ဖော်ထုတ်ဖမ်းဆီးရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
“အကြမ်းဖျင်းအားဖြင့်တော့ RPG ဒုံးပစ်လောင်ချာ ၁၂ လက်၊ တရုတ်စက်လက် ကိုးလက်နဲ့ Type - 81 မောင်းပြန်ရိုင်ဖယ် ၁၀၉ လက် ပါပါတယ်။ ခဲယမ်းအမြောက်အမြား ဖမ်းဆီးရမိခဲ့ပါတယ်။ တရားခံများလည်း ဖမ်းဆီးရမိခဲ့ပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး Type - 81 ဆိုတဲ့ လက်နက်အမျိုးအစားဟာ အထူးဒေသတစ်ခုကနေပြီးမှ ထွက်လာတဲ့ လက်နက်တွေ ဖြစ်တယ်လို့ ယူဆရပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
၎င်းလက်နက်ခဲယမ်းများကို ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သော SSPP/SSA အဖွဲ့၏ အဝတ်အစားများကို ဝတ်ဆင်ထားသူ (၁၀)ဦးထံမှ သယ်ယူပို့ဆောင်သူများက ရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီမှာ သတိရှိစေချင်တာကတော့ မြန်မာနိုင်ငံမှာ အခုဖြစ်ပွားနေတဲ့၊ ဖြစ်ပေါ်နေတဲ့ လက်နက်ပဋိပက္ခတွေရဲ့ နောက်ကွယ်မှာ EAO အဖွဲ့တွေရှိနေတယ်။ ထောက်ပံ့ပေးနေတာတွေဟာ EAO အဖွဲ့တွေဖြစ်တယ်။ ငွေရေးကြေးရေးအရ ပြည်ပနိုင်ငံတွေက ထောက်ပံ့ပေးနေတာတွေရှိတယ်။ မြန်မာနိုင်ငံကို ယခင်က တည်းက ရန်သူသဖွယ် သဘောထားနေတဲ့ နိုင်ငံတွေက အကြောင်းအမျိုးမျိုးနဲ့ ထောက်ပံ့ပေးတာရှိတယ်။ လက်နက်ထောက်ပံ့မှုကိုလည်း မျိုးစုံလုပ်နေပြီးတော့ ပဋိပက္ခအရှိန်အဟုန်မြှင့်နေတာဖြစ်တယ်ဆိုတာကို တွေ့ရှိရပါတယ်” ဟု နစကပြောခွင့်ရက ထပ်မံပြောသည်။
အမေရိကန်နိုင်ငံသည် ခေါင်းစဉ်အမျိုးမျိုးဖြင့် အကြမ်းဖက်များကို ကူညီပေးနေပြီး မြန်မာနိုင်ငံကို ရန်သူသဖွယ် သဘောထားနေကြောင်းလည်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။
လက်ရှိတွင် ကချင်၊ ရှမ်း၊ ကယား၊ ချင်း၊ ရခိုင်၊ စစ်ကိုင်းအတွင်းရှိ ဒေသများတွင် တပ်မတော်နှင့်လက်နက် ကိုင်အဖွဲ့အစည်းများကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုသမီးတစ်ဦး နေအိမ်အပေါ်ထပ်၌ ငှက်စာကျွေးနေစဉ် ဓာတ်လိုက်သေဆုံးမှု မကွေးမြို့တွင် ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ