လားရှိုးအပါအဝင် မြို့နယ်(၆)ခုကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ည(၆)နာရီမှ နံနက်(၆)နာရီအတွင်း အပြင်မထွက်ရန် အမိန့်ထပ်မံထုတ်ပြန်
မျိုးကြီး (NSS) - နိုဝင်ဘာ ၁၅
ရှမ်းမြောက်ရှိ လားရှိုးအပါအဝင် မြို့နယ်(၆)ခုကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် ည(၆)နာရီမှ နံနက်(၆)နာရီအတွင်း အပြင်မထွက်ကြရန် ဆက်လက်အမိန့်ထုတ်ပြန်လိုက်သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်သည် ယနေ့(နိုဝင်ဘာလ ၁၅ ရက်)တွင် အထက်ပါကဲ့သို့ အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သည့် ကွတ်ခိုင်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး နှင့် သိန်းနီမြို့နယ်များတွင် လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ အများပြည်သူလိုက်နာကျင့်သုံးနိုင်ရေးအတွက် ယခုကဲ့သို့ စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်လိုက်ခြင်းဖြစ်ကြောင်း တိုင်းစစ်ဌာနချုပ်က ဆိုသည်။
မည်သူမဆို အမိန့်တစ်စုံတစ်ရာမရရှိဘဲ ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း လုံခြုံရေးတာဝန်ရှိသူများမှအပ လမ်းများပေါ်တွင် သွားလာခြင်းမပြုရဟု အမိန့်ထုတ်ထားသည်။
ထို့ပြင် ၎င်းညမထွက်ရအချိန်အတွင်း လူ(၅)ဦးနှင့်အထက်ဖြစ်စေ စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်းလှည့်လည်ခြင်း၊ ဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရုန်းရင်းဆန်ခတ်မှုပြုခြင်း၊ တုတ်၊ ဓား၊ လက်နက်နှင့် မီးလောင်စေတတ်သော အရာများကိုင်ဆောင်ခြင်းမပြုရဟုလည်း အမိန့်ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
“လားရှိုးမှာတော့ ညမထွက်ရအမိန့် ထုတ်လိုက်ပြီ။ ရပ်ကွက်က ဆယ်အိမ်မှူးတို့၊ ရာအိမ်မှူးတွေကလည်း ညမထွက်ရ အမိန့်ကို လာပြောတယ်။ မနက်(၆)၊ ည(၆) ဖြစ်သွားတာကိုလေ။ ကျွန်မတို့က ဆိုင်ကို အရင်က (၆)နာရီလောက်မှ သိမ်းတာ။ ဒီနေ့တော့ (၅)နာရီကတည်းက စသိမ်းရတာပေါ့။ ဝန်ထမ်းကလေးတွေလည်းရှိတော့ စောစောလေးသိမ်းရတာပေါ့”ဟု လားရှိုးမြို့ခံတစ်ဦးက NSS ကို ပြောသည်။
အဆိုပါအမိန့်ကို မလိုက်နာသူများအား လုံခြုံရေးတာဝန်ထမ်းဆောင်သူများက အင်အားသုံးဖမ်းဆီး၍ တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းကိုခံရမည်ဟု အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဆိုသည်။
ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ပေါ်မှ အမျိုသားတစ်ဦး ပြုတ်ကျသေဆုံးမှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ