မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးကို ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် နှင့် တရုတ်သံအမတ်တို့ဆွေးနွေး
ကျော် (NSS) - နိုဝင်ဘာ ၁၅
မြန်မာ-တရုတ်နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေးနှင့်ပတ်သက်၍ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr. Chen Hai တို့ ယမန်နေ့ (နိုဝင်ဘာလ ၁၄ ရက်) ကတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တရုတ်သံအမတ်ကြီးအား နစက အဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်မှ နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာနရုံး၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အွန်လိုင်းလိမ်လည်မှုများ တိုက်ဖျက်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နေမှုတို့ကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၄ ရက်တွင် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခ နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ သဘောထားထုတ်ဖော်ပြောကြားရာ၌ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမြောက်ပိုင်းပဋိပက္ခအခြေအနေကို အလွန်ဂရုပြုလျက်ရှိပြီး သက်ဆိုင်ရာဘက်အသီးသီးအမြန်ဆုံး အပစ်အခတ်ရပ်စဲ၍ အခြေအနေပိုမိုပြင်းထန်လာခြင်းမှရှောင်ကြဉ်ရန် ဆွေးနွေးမှုညှိနှိုင်းမှုမှတစ်ဆင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် တိုက်တွန်းခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ထို့ပြင် မြန်မာနိုင်ငံဘက်က လက်တွေ့ကျ၍ထိရောက်သောအစီအမံဖြင့် တရုတ်-မြန်မာနယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းမှုကို အာမခံပေးရန် တရုတ်ဘက်ကတောင်းဆိုကြောင်းလည်း ၎င်းကပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
လက်ရှိအချိန်၌ ရှမ်းပြည်နယ်ရှိ နေရာအချို့နှင့်မြန်မာ-တရုတ်နယ်စပ်အနီးတို့တွင် တပ်မတော်နှင့် MNDAA , TNLA , AA ပူးပေါင်းအဖွဲ့တို့ကြား၌ တိုက်ပွဲများပြင်းထန်လျက်ရှိပြီး နှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖားအောက်တောရဆရာတော် ယနေ့၌ စင်ကာပူနိုင်ငံတွင် နှလုံးအထူးကုသမှုခံယူ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ