ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်ကို (၂)ရက်အတွင်း ဆီဂါလံပေါင်း (၁၇)သိန်းနီးပါး ဖြည့်တင်းပေးထား
မျိုးကြီး (NSS) - နိုဝင်ဘာ ၁၄
ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်ကို (၂)ရက်အတွင်း ဆီဂါလံပေါင်း (၁၇)သိန်းနီးပါး ဖြည့်တင်းပေးထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
စက်သုံးဆီအရောင်းဆိုင် (၁၄၆)ဆိုင်အနက် ဆိုင်အချို့တွင် ပုံမှန်ထက် စက်သုံးဆီဝယ်ယူမှု ပိုမိုမြင့်မားလာသည်ဟု နစက ဘက်က ဆိုသည်။
ထို့ကြောင့် နိုဝင်ဘာလ ၁၁ ရက်တွင် ရန်ကုန်သီလဝါဆိပ်ကမ်းဒေသရှိ Terminal များမှ စက်သုံးဆီများကို ဆီတင်ယာဉ် (၃၃၄)စီးဖြင့် 92 Ron ဂါလန် (၄)သိန်းကျော်၊ 95 Ron ဂါလန် (၁)သိန်းကျော်၊ ဒီဇယ်ဆီ ဂါလန် (၁၇၀၀၀၀)ကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၂၇၀၀၀၀)ကျော် ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။
အလားတူ နိုဝင်ဘာလ ၁၂ ရက်တွင်လည်း ဆီတင်ယာဉ် (၂၆၈)စီးဖြင့် 92 Ron ဂါလန် (၃)သိန်းကျော်၊ 95 Ron ဂါလန် (၇၀၀၀၀)ကျော်၊ ဒီဇယ်ဆီ ဂါလန် (၁၄၀၀၀၀)ကျော်နှင့် ပရီမီယမ်ဒီဇယ်ဆီ ဂါလန် (၂၃၀၀၀၀) ကျော် ထပ်မံဖြည့်တင်းပေးခဲ့ကြောင်း နစကမှဆိုသည်။
ထို့ပြင် စက်သုံးဆီများနှင့်ပတ်သက်၍ လိုအပ်ချက်များရှိပါက အချိန်မီဖြည့်ဆည်းပေးသွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့် စက်သုံးဆီများကို လိုအပ်သလိုဝယ်ယူနိုင်ပြီဖြစ်ကြောင်းလည်း နစက၏ သတင်းအချက်အလက်များတွင် ဖော်ပြထားသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ဆီပြတ်လပ်မှုသတင်းနှင့်အတူ ဆီဆိုင်များ၌ ကားများစွာ တန်းစီစောင့်ဆိုင်းကာ ဝယ်ယူခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။
သို့သော် ယနေ့(နိုဝင်ဘာလ ၁၄ ရက်)တွင် ရန်ကုန်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်အချို့၌ ကားများစွာ တန်းစီစောင့်ဆိုင်းကာ ဆီဝယ်ယူနေသည့်ဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်နေဆဲဖြစ်သည်။
“သုဝဏ္ဏပန်းခြံနားက MAX ဆီဆိုင်မှာလည်း တန်းစီနေတယ်။ တော်တော်များတယ်။ သင်္ဃန်းကျွန်းသွားကောလိပ်နားက မြတ်မေတ္တာမွန်ဆီဆိုင်မှာလည်း ကားအစီး (၂၀)လောက် တန်းစီနေတာ တွေ့တယ်။ တစ်ချို့ဆီဆိုင်တွေမှာ အဲဒီလို တန်းစီနေတာမျိုး မတွေ့ရဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူတစ်ဦးက NSS ကို ပြောသည်။
ရန်ကုန်မြို့၌ လျှပ်စစ်မီးပြတ်တောက်မှုများရှိနေသည့်အတွက် စီးပွားရေးလုပ်ငန်းများအနေဖြင့် မီးစက်များကို အသုံးပြုကာ လည်ပတ်နေရသည့်အခြေအနေမျိုးရှိပြီး ၎င်းမီးစက်များအတွက် စက်သုံးဆီများကို ပုံးများဖြင့် ဝယ်ယူအသုံးပြုရမှုများရှိသည်။
“ရန်ကုန်မှာက မီးက အမြဲမလာဘူးလေ။ မီးစက်အသုံးပြုရတယ်။ ရုံးအလုပ်ဖြစ်တော့ ဒီမီးစက်တွေကို အသုံးပြုရတယ်။ မနေ့က ဆီကုန်လို့ သွားဝယ်တာ မရောင်းပေးဘူး။ ဆီကျန်နည်းနေတယ်လို့ ပြောတယ်။ အရင်တုန်းကတော့ ရောင်းပေးတယ်။ အခုမှ အဲဒီလို ဖြစ်သွားတာ။ ရုံးအတွက်တော့ ထိခိုက်တာပေါ့” ဟု မရမ်းကုန်းမြို့နယ်၌ ရုံးလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း စက်သုံးဆီပြတ်လပ်မှုသတင်းများ ဖြစ်ပေါ်မှုနှင့်အတူ မီးစက်များအတွင်း အသုံးပြုမည့် စက်သုံးဆီများကို ဆီဆိုင်အချို့က ပုံးဖြင့်ဝယ်ယူမှုအား ကန့်သတ်ပိတ်ပင်ထားကြောင်း သိရသည်။
မကြာခင်အချိန်တွင်လည်း ပြည်ပမှ ဆီတင်သင်္ဘော (၁၅)စင်းခန့် ရောက်ရှိလာမည်ဖြစ်ကြောင်း နစကပြောခွင့်ရဗိုလ်ချုပ် ဇော်မင်းထွန်းက အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြီးခဲ့သည့်(၂၄)နာရီအတွင်း ဆီးရီးယားရှိ အမေရိကန်တပ်ဖွဲ့ဝင်များ အနည်းဆုံး လေးကြိမ်ခန့် တိုက်ခိုက်ခံခဲ့ရကြောင်း အမေရိကန်စစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ