မကြာမီရက်ပိုင်းအတွင်း အခါလွန်မိုးရွာသွန်းနိုင်သည့်အတွက် တောင်သူများအနေဖြင့် သတိပြုရန်လိုကြောင်း မိုးဇလအသိပေး
စော (NSS) - နိုဝင်ဘာ ၁၂
မကြာမီရက်ပိုင်းအတွင်း အခါလွန်မိုးရွာသွန်းနိုင်သည့်အတွက် တောင်သူများအနေဖြင့် သတိပြုရန်လိုကြောင်း မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယမန်နေ့(နိုဝင်ဘာလ ၁၁ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
“လေဖိအားနည်းရပ်ဝန်းက (၁၆)ရက်နေ့မှာ မုန်တိုင်းငယ်ဖြစ်မယ်လို့ ထုတ်ပြန်ချက်ထုတ်ထားတာရှိတယ်။ ဒီမုန်တိုင်းက အခါလွန်မိုးတွေ ရွာမဲ့အခြေအနေတော့ရှိပါတယ်။ မုန်တိုင်းကတော့ အိန္ဒိယအရှေ့ဘက်ကမ်းခြေနားကို ကပ်ကျသွားနိုင်တယ်။ ဒါမှမဟုတ် ဘယ်မှမသွားဘဲ ပင်လယ်ထဲမှာပဲ ပျက်ပြယ်သွားနိုင်တဲ့အခြေအနေရှိတယ်။ သို့သော်မိုးကတော့ လာမည့် (၁၆၊ ၁၇၊ ၁၈)မှာ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ မိုးရွာဖို့တော့ရှိတယ်”ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကိုပြောသည်။
မိုးဇလ၏ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် လာမည့်(နိုဝင်ဘာလ ၁၄ ရက်)၌ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး ပိုမိုအားကောင်းနိုင်ကာ နိုဝင်ဘာလ (၁၆)ရက်တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“ဒီမုန်တိုင်းကတော့ နိုဝင်ဘာလဆို ဖြစ်နေကြပါ။ ဆောင်းရာသီကာလအတွက်တော့ အခါလွန်မိုးရွာတာရှိမယ်။ ကျန်တာတော့ ပင်လယ်ပြင်မှာတော့ နည်းနည်းအရှေ့လေပြင်းတိုက်တာတွေတော့ရှိမယ်။ ဒီရာသီက ပွင့်လင်းရာသီဆိုတော့ စပါးရိတ်သိမ်းတာတို့ အခြားဆောင်းသီးနှံတွေ စိုက်ပျိုးတဲ့ရာသီဆိုတော့ အချိန်အခါမဟုတ်မိုးရွာတာတွေကို သတိထားဖို့ရှိတာပေါ့။ အချိန်အခါမဟုတ်မိုးရွာတာဆိုတော့ သီးနှံတွေ သတိထားရမှာရှိမှာပေါ့”ဟု ၎င်းက NSS ကိုဆက်လက်ပြောကြားထားသည်။
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာမည့် မုန်တိုင်းငယ်ကြောင့် အခါလွန်မိုးသည် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်သည့်အတွက် စပါး အပါအဝင် အခြားသီးနှံများကို ထိခိုက်နိုင်သော်ကြောင့် တောင်သူများအနေဖြင့် သတိထားကြရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံက အာဆီယံငါးနိုင်ငံနှင့် ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်မည်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ