ဒုဌဝတီမြစ်ကူးကျင်သီတံတားကို TNLA အဖွဲ့ မိုင်းခွဲဖျက်ဆီး၊ ၎င်းလုပ်ရပ်သည် ပြည်သူကို တိုက်ရိုက်စော်ကား တိုက်ခိုက်ခြင်းဖြစ်ဟု နစက တုံ့ပြန်
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)၊ သီပေါ နှင့် ကျောက်မဲမြို့ကြားရှိ ဒုဌဝတီကျင်သီမြစ်ကူးတံတားကို TNLA အဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့ပြီး ၎င်းလုပ်ရပ်သည် ပြည်သူကို တိုက်ရိုက်စော်ကား တိုက်ခိုက်ခြင်းဖြစ်ကြောင်း နစကဘက်က တုံ့ပြန်ပြောကြားထားသည်။
TNLA နှင့် ပူးပေါင်းအဖွဲ့က ယနေ့(နိုဝင်ဘာလ ၁၂ ရက်)၊ နံနက် ၅နာရီခွဲအချိန်တွင် သီပေါနှင့် ကျောက်မဲမြို့ကြားရှိ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးခဲ့သည်။
“မိုင်းခွဲခံရတော့ တံတားက ထက်ပိုင်းကျိုးသွားတာတော့မဟုတ်ဘူး။ အတော်များများတော့ ပျက်စီးသွားတယ်။ ခုချိန်ထိတော့ အသွားအလာတွေ ရပ်ထားရတယ်”ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
ထိုသို့မိုင်းခွဲ ဖျက်ဆီးခံရသည့်တံတားသည် ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)အတွင်း ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးအတွက် အရေးပါသည့် တံတားတစ်စင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုထားသည်။
TNLA နှင့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ကျင်သီတံတားအနီးရှိ လုံခြုံရေးစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယခုကဲ့သို့ တံတားအား မိုင်းခွဲဖျက်ဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီတံတားဟာ မန္တလေး-မူဆယ်ပြည်ထောင်လမ်းမကြီးပေါ်မှာရှိတဲ့ တံတားဖြစ်တယ်။ အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ ပြည်သူ့လူထုရဲ့ လမ်းပန်းဆက် သွယ်ရေးလမ်းကြောင်းကို အဓိကထားပြီးတော့ ဖောက်ခွဲဖျက်ဆီး တိုက်ခိုက်နေတာဖြစ်ပါတယ်။ ဒီဟာတွေသည် အစိုးရကိုတိုက်ခိုက်တာမဟုတ်ပါဘူး။ ပြည်သူကို တိုက်ရိုက်စော်ကား တိုက်ခိုက်တာ ဖြစ်ပါတယ်”ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ထားသည်။
ထို့ပြင် နောင်ချိုမြို့အနီးတစ်ဝိုက်၌ တပ်မတော်နှင့် TNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပေါ်လျက်ရှိပြီး ကားလမ်းပိုင်းများလည်း ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။
လတ်တလော၌ ရှမ်းပြည်နယ်(အရှေ့မြောက်ပိုင်း)အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်ဆို့ရပ်တန့်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မကြာမီရက်ပိုင်းအတွင်း အခါလွန်မိုးရွာသွန်းနိုင်သည့်အတွက် တောင်သူများအနေဖြင့် သတိပြုရန်လိုကြောင်း မိုးဇလအသိပေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ