လောက်ကိုင်မြို့၌ ဆန်(၁၀)ပြည်လျှင် ယွမ် ၂၅၀ ဖြင့် တိုးကြိတ်ဝယ်နေရလျက်ရှိပြီး စားနပ်ရိက္ခာအခက်အခဲနှင့်အတူ စစ်ပွဲများ ကူးစက်လာမည်ကို ဒေသခံများစိုးရိမ်နေ
မြူနစ် (NSS) - နိုဝင်ဘာ ၇
ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့၌ ဆန်(၁၀)ပြည်လျှင် ယွမ် ၂၅၀ ဖြင့် တိုးကြိတ်ဝယ်နေရလျက်ရှိပြီး စားနပ်ရိက္ခာအခက်အခဲနှင့်အတူ စစ်ပွဲများ ကူးစက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြောင်း သတင်းရရှိသည်။
ယနေ့(နိုဝင်ဘာလ ၇ ရက်)တွင် လောက်ကိုင်မြို့ရှိ ကိုးကန့်ဘာသာအလယ်တန်းကျောင်းရှေ့၌ တရုတ်နိုင်ငံဘက်က ဆန်ကားတစ်စီး လာရောက်ရောင်းချပေးခဲ့ကြောင်း လောက်ကိုင်မြို့ခံတစ်ဦးက NP News ကို ပြောသည်။
လောက်ကိုင်မြို့ ဒေသခံပြည်သူများအနေဖြင့် ဆန်(၁၀)ပြည်တစ်အိတ်လျှင် တရုတ်ယွမ် (၂၅၀)(မြန်မာငွေကျပ် ၇၀၀၀၀ ကျော်)ဖြင့် ဝယ်ယူနေရခြင်းဖြစ်သကဲ့သို့ အလုအယက်တိုးကြိတ်ဝယ်ယူနေရခြင်းဖြစ်သည်။
“ဟုတ်တယ် ဆယ်ပြည်အိတ်ကို ယွမ် ၂၅၀။ ယွမ် ၃၀၀ ပေးလိုက်ရင် ၅၀ တောင်ပြန်မအမ်းပေးဘူး။ လူများလို့လေ။ တရုတ်ပြည်က လာရောင်းတာ။ ဆန်ရောင်းတဲ့နေရာက အန်တီတို့နဲ့ နီးတယ်။ တစ်ချို့လူတွေက ဈေးထဲမှာ ပြန်ရောင်းတယ်။ တစ်ပြည်ကို ယွမ် ၆၀ နဲ့။ တချို့ကတော့ တကယ်စားစရာမရှိလို့ လာဝယ်တာမျိုးပေါ့”ဟု လောက်ကိုင်မြို့ခံက ပြောသည်။
လက်ရှိတွင် လက်လုပ်လက်စားဒေသခံများအတွက် ဆန်ပြတ်လပ်မှုများဖြစ်ပေါ်နိုင်ပြီး စားနပ်ရိက္ခာအတွက် အခက်အခဲများရှိနိုင်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ပွဲများ မဖြစ်ပွားခင်အချိန်တွင် ဆန်(၂၄)ပြည်တစ်အိတ်လျှင် တရုတ်ယွမ် ၂၇၀ ဝန်းကျင်ဖြင့်သာ ဝယ်ယူရကြောင်း သိရသည်။
အဆိုပါ စစ်ပွဲများကြောင့် သိန္နီ၊ မူဆယ်၊ ချင်းရွှေဟော်၊ လောက်ကိုင်တစ်ဝိုက်တွင် ဆက်သွယ်ရေးလမ်း ကြောင်းများ ပြတ်တောက်နေလျက်ရှိပြီး ပြည်မမှတစ်ဆင့် ဆန်တင်ပို့မှုများမှာ ရပ်တန့်လျက်ရှိကြောင်း လောက်ကိုင်မြို့ခံများက ပြောသည်။
ရှမ်းမြောက်ဒေသ၌ ဖြစ်ပွားလျက်ရှိသော စစ်ပွဲကာလအတွင်း တရုတ်နိုင်ငံဘက်က လောက်ကိုင်မြို့၌ တစ်ရက်ခြား (သို့မဟုတ်) နှစ်ရက်ခြားတစ်ခါ (၁၂)ဘီးကားဖြင့် ဆန်များကို လာရောက်ရောင်းချပေးမှုရှိကြောင်း သိရသည်။
“တစ်ရက်ခြား၊ နှစ်ရက်ခြား တစ်စီးလာရောင်းပေးတယ်။ ၁၂ ဘီးကားပေါ့။ ဆယ်ပြည်ကို ယွမ် ၂၅၀ နဲ့လာရောင်းတယ်။ အခုကတော့ ငွေဈေးကွက်မရှိဘူး။ ငွေဈေးကောင်းတဲ့အချိန်ဆိုရင် ငွေကျပ်က တစ်သိန်းကျော်တယ်။ အန်တီဝယ်တဲ့ အချိန်က စစ်မဖြစ်ခင်ပေါ့။ ၂၄ ပြည်တစ်အိတ်ကို ယွမ် ၂၇၀ ပဲရှိတယ်” ဟု လောက်ကိုင်မြို့ခံတစ်ဦးက ဆက်လက်ပြောသည်။
လက်ရှိတွင် လောက်ကိုင်မြို့ ဒေခံများအနေဖြင့် စားနပ်ရိက္ခာအခက်အခဲများနှင့်အတူ စစ်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ဆက်လက်ပြီး လောက်ကိုင်မြို့ခံတစ်ဦးက “အလုပ်ကလည်း မရှိဘူးလေ။ ကုန်ဈေးနှုန်းက မြင့်နေတယ်။ စားစရိတ်ခက်ခဲတာကို ကြောက်တယ်။ နောက် စစ်ရောက်လာမှာကိုလည်း ကြောက်တယ်” ဟု ပြော သည်။
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ နစကအနေဖြင့် လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမျိုး မတွေ့ရသေးပေ။
အလားတူ လောက်ကိုင်မြို့မှ လားရှိုးမြို့သို့ ပြန်လာသော ကားအစီးရေ (၁၀၀)ကျော်နှင့်အတူ လူဦးရေ (၄၀၀)ခန့်သည်လည်း ပါစင်ကျော်ဒေသ၌ ပိတ်မိလျက်ရှိပြီး စားရေးသောက်ရေးအခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
MNDAA၊ TNLA၊ AA မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့သည် အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည် နယ်မြောက်ပိုင်းအတွင်းရှိ တပ်မတော်၏ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်ကြားတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၏ ကူညီပံ့ပိုးပေးမှုများကိုပဲ မှီခိုနေ၍မရကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ