စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထား
မြူနစ် (NSS) - နိုဝင်ဘာ ၇
စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့များက ထိန်းချုပ်သိမ်းပိုက်ထားကြောင်း ၎င်းတို့၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
NUG လက်အောက်ခံ PDF အဖွဲ့နှင့်အတူ မဟာမိတ်ပူးပေါင်းအဖွဲ့များဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့သည် ကောလင်းမြို့ကို ယမန်နေ့(နိုဝင်ဘာလ ၆ ရက်)တွင် ထိန်းချုပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကောလင်းမြို့သည် ခရိုင်အဆင့်ရှိ မြို့တစ်မြို့ဖြစ်ပြီး PDF ပူးပေါင်းအဖွဲ့များအတွက် ပထမဆုံးအကြိမ် ထိန်းချုပ်နိုင်သည့်မြို့တစ်မြို့ဖြစ်ကြောင်းလည်း ပြောဆိုမှုများရှိနေသည်။
ကောလင်းမြို့ပေါ်ရှိ ရဲစခန်း နှင့် ထွေအုပ်ရုံး၊ အထက်တန်းကျောင်း၊ မြေစာရင်းရုံး၊ မြန်မာ့စီးပွားရေးဘဏ်တို့တွင် အခြေပြုတပ်စွဲထားသည့် လုံခြုံရေးအဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု PDF ပူးပေါင်းအဖွဲ့များက ပြောသည်။
ကောလင်းမြို့ကို PDF ပူးပေါင်းအဖွဲ့များ ထိန်းချုပ်ထားသည်ဟုဆိုသော သတင်းအချက်အလက်နှင့်ပတ်သက်၍ NSS အနေဖြင့် နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှု မရရှိသေးပေ။
ထို့ပြင် NSS အနေဖြင့် ကောလင်းမြို့ပေါ်ရှိ ဒေသခံများထံသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိသေးပေ။
ထိုသို့ ကောလင်းမြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို PDF ပူးပေါင်းတိုက်ခိုက်စဉ်အချိန်တွင် နှစ်ဖက်အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဒေသခံအရပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း သိရသည်။
အလားတူ ၎င်းတိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူသည်လည်း အများအပြားရှိခဲ့ကြောင်း သိရသည်။
ယနေ့(နိုဝင်ဘာလ ၇ ရက်)တွင် ကောလင်းမြို့၏ မြင်ကွင်းများကို Kawlin Revolution-KR အဖွဲ့က ထုတ်ပြန်ထားမှုအား တွေ့ရှိရပြီး မြို့အတွင်း၌ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းများကို တွေ့ရှိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့မှ မြဝတီမြို့သို့ မောင်းနှင်လာသည့် Express ကားတစ်စီး အာရှလမ်းပေါ်၌ မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ