မြောက်ကိုရီးယား၏ ဆိုက်ဘာခြိမ်းခြောက်မှုများကို တုံ့ပြန်ရန်အတွက် ကောင်စီတစ်ခုဖွဲ့စည်းရန် အမေရိကန်၊ ဂျပန် နှင့် တောင်ကိုရီးယားအစိုးရတို့ စီစဉ်နေ
Pika (NSS) - နိုဝင်ဘာ ၆
အမေရိကန်၊ ဂျပန် နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယား၏ နျူကလီးယားပရိုဂရမ်ကို ပံ့ပိုးပေးနေသည့် ဆိုက်ဘာစစ်ဆင်ရေးများကို တုံ့ပြန်ရန်အတွက် ဖိုရမ်အသစ်ကို ထူထောင်မည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါသုံးနိုင်ငံမှ အဆင့်မြင့်အတိုင်ပင်ခံအဖွဲ့သည် မြောက်ကိုရီးယား၏ လက်နက်ဖွံ့ဖြိုးရေးကို ရန်ပုံငွေ အဓိက ထောက်ပံ့ပေးနေသည့် ဆိုက်ဘာလှုပ်ရှားမှုများကို ပိတ်ဆို့ရန် နည်းလမ်းများ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ ဆိုက်ဘာ ခြိမ်းခြောက်မှုများကို ဆန့်ကျင်ရန်အတွက် ပူးပေါင်းတုံ့ပြန်နိုင်စွမ်းကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်သွား မည်ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးရုံး က ပြောကြားခဲ့သည်။
အမေရိကန်အမျိုးသားလုံခြုံရေးဒုအကြံပေး Anne Neuberger၊ တောင်ကိုရီးယားအမျိုးသားလုံခြုံရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး In Seong-hwan နှင့် ဂျပန်အမျိုးသားလုံခြုံရေးအေဂျင်စီ လက်ထောက် ညွှန်ကြားရေးမှူး Keiichi Ichikawa တို့သည် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့တွင် ကျင်းပသည့် အစည်းအဝေးပွဲ တစ်ခုအတွင်း အဖွဲ့သစ်တစ်ခုဖွဲ့စည်းရန် သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကောင်စီအသစ်ဖွဲ့စည်းရန်ဆုံးဖြတ်ချက်သည် ပြီးခဲ့သည့်ဩဂုတ်လက ကျင်းပခဲ့သော သုံးနိုင်ငံထိပ်သီးအစည်း အဝေး Camp David ၏ ရလဒ်ဖြစ်ကြောင်းလည်း သိရသည်။ အဆိုပါ ထိပ်သီးအစည်းအဝေးပွဲအတွင်း သုံးနိုင်ငံ ခေါင်းဆောင်များသည် မြောက်ကိုရီးယား၏ တရားမဝင်ဆိုက်ဘာလုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောဆိုခဲ့ကြပြီးနောက် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို ထူထောင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလတွင် အမေရိကန် နှင့် တောင်ကိုရီးယားသမ္မတတို့ကြား ဆိုက်ဘာပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန် သဘောတူညီခဲ့ပြီးနောက် ယခုကဲ့သို့ ကောင်စီအသစ်ထူထောင်မည့် အစီအစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်သစ်နိုင်ငံတွင် တစ်လအတွင်း ဂျူးဆန့်ကျင်ရေးဖြစ်ရပ်(၁ဝ၄ဝ)ကျော် ရှိခဲ့ဟု ပြင်သစ်အစိုးရပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ