ရုရှားနှင့်ဆွေးနွေးပွဲများ လုပ်ဆောင်မည်မဟုတ်ကြောင်း ယူကရိန်းသမ္မတ ထုတ်ဖော်ပြောဆို
Pika (NSS) - နိုဝင်ဘာ ၅
ယူကရိန်းနိုင်ငံအနေဖြင့် ရုရှားနှင့်ဆွေးနွေးပွဲများ လုပ်ဆောင်ရန် ဆန္ဒမရှိကြောင်း ယူကရိန်းသမ္မတဇီလန်စကီးက ထုတ်ဖော်ပြောခဲ့သည်။
ယူကရိန်းသမ္မတဇီလန်စကီးသည် ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်နှင့်တွေ့ဆုံစဉ်အချိန်အတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ယူကရိန်း၏ ကျောထောက်နောက်ခံအနောက်အုပ်စုနိုင်ငံ များသည် ရုရှားနှင့်ဆွေးနွေးပွဲများ လုပ်ဆောင်ရန် တွန်းအားပေးနေသည်ဆိုသည့်အချက်ကိုလည်း ဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။
ဇီလန်စကီးက "ဥရောပသမဂ္ဂနဲ့ အမေရိကန်ခေါင်းဆောင်တွေ အပါအဝင် ကျွန်တော်တို့ရဲ့မိတ်ဖက်နိုင်ငံတွေဟာ ရုရှားနဲ့ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ကျွန်တော်တို့ကို တွန်းအားပေးနေတာမျိုးတွေမရှိပါဘူး။ ဒါဟာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု ပြောခဲ့သည်။
ထို့အပြင် အဆိုပါသတင်းများကို မည်သူက ထုတ်ဖော်ပြသခဲ့သည်ဆိုသည်ကိုလည်း မသိကြောင်း ဇီလန်စကီး က ပြောခဲ့သည်။ အနောက်အုပ်စုနိုင်ငံများ၏ တာဝန်ရှိသူများသည် ရုရှားနှင့်ဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် ယူကရိန်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ပဋိပက္ခအဆုံးသတ်ရန်အတွက် ယူကရိန်းဖက်မှ သဘောတူညီ နိုင်မည့်အလားအလာများကိုလည်း ရှာဖွေနေကြောင်း NBC သတင်းဌာနက နိုဝင်ဘာလ(၄)ရက်တွင် ဖော်ပြခဲ့သည်။
ထို့အပြင် အနောက်အုပ်စုနိုင်ငံများသည် ပဋိပက္ခနှင့်ပတ်သက်ပြီး မတိုးသာမဆုတ်သာအခြေအနေများ ရှိလာမည် ကို စိုးရိမ်နေသလို လာမည့်အနာဂတ်တွင် ယူကရိန်းမှာ တပ်ဖွဲ့ဝင်များမရှိတော့မည်ကိုလည်း စိုးရိမ်နေကြောင်း အဆိုပါသတင်းထဲတွင် ဖော်ပြထားသည်။
ရုရှားသည် ယူကရိန်းနှင့် ဆွေးနွေးပွဲများ လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း အကြိမ်ကြိမ်ပြောဆိုခဲ့သလို အဆိုပါ ဆွေးနွေးပွဲများတွင် ရုရှား၏အကျိုးစီးပွားလုံခြုံရေးနှင့် မြေပြင်အမှန်တရားများကို ထည့်သွင်းစဉ်းစားသင့်ကြောင်း လည်း ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် အောက်တိုဘာလတွင် ယူကရိန်းသမ္မတဇီလန်စကီးသည် ရုရှားသမ္မတပူတင်နှင့် မည်သည့်ဆွေးနွေးပွဲမှ မလုပ်ဆောင်ရန် တားမြစ်သည့်အမိန့်ကို လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။ ယူကရိန်းအနေဖြင့် လက်ရှိပဋိပက္ခကို အဆုံးသတ်ရန်ဆန္ဒရှိပါက ၂ဝ၂၂ ခုနှစ်က လက်မှတ်ရေးထိုးခဲ့သော အမိန့်ကို ရုတ်သိမ်းခြင်း အပါအဝင် ၎င်း၏ ရည်ရွယ်ချက်များကို လူသိရှင်ကြားထုတ်ဖော်ပြသသင့်ကြောင်း ရုရှားသမ္မတပူတင်က ပြီးခဲ့သည့် စက်တင်ဘာလတွင် ထုတ်ဖော်ပြောခဲ့သည်။
ပူတင် က "ယူကရိန်းဟာ စေ့စပ်ညှိနှိုင်းမှုတွေလုပ်ပြီး ဒီပဋိပက္ခကို အဆုံးသတ်ချင်တယ်ဆိုရင် သူတို့ရဲ့ ရည်ရွယ်ချက်ကို လူသိရှင်ကြားထုတ်ပြသင့်ပါတယ်။ ယူကရိန်းနိုင်ငံသားတွေကို ထုတ်ဖော်ပြောဆိုခွင့်ပေးလိုက်ပါ၊၊ သူတို့ရဲ့ပြောဆိုချက်တွေကို လူသိရှင်ကြားပြသပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယူးကာဆယ်အသင်း ရရှိခဲ့သော ဂိုးမှာ မပေးသင့်ခဲ့သော ဂိုးမျိုးဖြစ်ကြောင်း အာဆင်နယ်နည်းပြ ဝေဖန်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ