စစ်ကိုင်းတိုင်း ကောလင်းမြို့ နှင့် ကလေးမြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို PDF ပူးပေါင်းအဖွဲ့များ ဝင်ရောက်တိုက်ခိုက်
မြူနစ် (NSS) - နိုဝင်ဘာ ၃
စစ်ကိုင်းတိုင်း ကောလင်းမြို့ နှင့် ကလေးမြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ကောလင်းမြို့ရှိ မြို့မရဲစခန်းအပါအဝင် ထွေအုပ်ရုံးများကို PDF ပူးပေါင်းအဖွဲ့များက အင်အားအများအပြားဖြင့် ယနေ့(နိုဝင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဝင်တိုက်နေကြတာပဲ။ ကျွန်တော်တို့လည်း အပြင်မထွက်ရဲဘူး၊ ကောလင်းမြို့ကို သိမ်းမှာမိုလို့ မြို့ကနေ ညနေ (၃)နာရီ နောက်ဆုံးရှောင်ပေးရမယ်လို့ ပြောနေတာတွေရှိတယ်။ ဘယ်အဖွဲ့အစည်းက ပြောတာလဲတော့ မသိဘူး။ ပစ်ခတ်သံတွေတော့ ကြားနေရတာပဲ။ လေယာဉ်တွေ လာဝဲနေတာတွေလည်း ရှိတယ်။ အထိအခိုက်အပျက်အစီးတွေကိုတော့ မသိ ရပါဘူး"ဟု ကောလင်းမြို့ခံတစ်ဦးက NSS ကို ပြောသည်။
စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းမြို့အား PDF ပူးပေါင်းအဖွဲ့များက ဝင်စီးထားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း NSS အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသကဲ့သို့ နစကသတင်းထုတ်ပြန်ရေးအဖွဲ့အနေဖြင့်လည်း တစ်စုံတစ်ရာ အသိပေးပြောဆိုခြင်းမျိုး မရှိသေးပေ။
ကောလင်းမြို့ပေါ်ရှိ လုံခြုံရေးစခန်းများကို ကချင်လက်နက်ကိုင်အဖွဲ့ KIA၊ ရခိုင်လက်နက်ကိုင်အဖွဲ့ AA နှင့် PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ ယနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်း၊ တမူးခရိုင်နှင့် ကလေးမြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများကို PDF ပူးပေါင်းအဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း ထပ်မံသိရှိရသည်။
PDF ပူးပေါင်းအဖွဲ့များသည် တမူးခရိုင်၊ ခမ်းပတ်မြို့နယ်ခွဲရှိ ခမ်းပတ်အမှတ်(၁)ရဲစခန်း၊ ကလေးမြို့နယ်ရှိ ရာဇဂြိုလ်တပ်စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကလေးမြို့ခံတစ်ဦးက NSS ကို ပြောသည်။
“ခမ်းပတ်အမှတ်(၁)ရဲစခန်းရယ်၊ ဝိတုပ်တပ်စခန်းရယ်၊ ရာဇဂြိုလ်တပ်စခန်းရယ်ကို ဒီနေ့မနက်စောစောမှာ တစ်ပြိုင်တည်း ဝင်တိုက်တာ။ စခန်းသိမ်းတဲ့ ပုံစံမျိုးပေါ့။ ဒါပေမယ့် ခဏပဲ ပြီးတော့ ပြန်ဆုတ်ခွာသွားတာပေါ့။ လေယာဉ်နဲ့လာပစ်တာတွေလည်း ရှိတယ်။ မနက် ၈ နာရီလောက်မှာ ပစ်ခတ်တာတွေတော့ ရပ်သွားတယ်” ဟု ကလေးမြို့ခံက ပြောသည်။
အလားတူ ယမန်နေ့(နိုဝင်ဘာလ ၂ ရက်)၊ နံနက် ၅ နာရီအချိန်ခန့်တွင်လည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းကျေးရွာရှိ ချပ်သင်းလုံခြုံရေးစခန်းကို PDF ပူးပေါင်းအဖွဲ့များက ဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ချပ်သင်းရွာခံတစ်ဦးက NSS ကို ပြောသည်။
PDF ပူးပေါင်းအဖွဲ့များသည် ချပ်သင်းလုံခြုံရေးစခန်းကို တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းရှိ လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအစား ပြည်တွင်းသုံးငွေကြေးများအသုံးပြုရန် ထိုင်းဗဟိုဘဏ်အဆိုပြု
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ