ပထမအကြိမ်အဖြစ် မြန်မာ - ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားစစ်သင်္ဘော(၃)စင်း ရန်ကုန်သို့ ရောက်ရှိနေ
Pearl (NSS) – နိုဝင်ဘာ ၃
ပထမအကြိမ်အဖြစ် မြန်မာ - ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှား စစ်သင်္ဘော(၃)စင်း ရန်ကုန်သို့ ရောက်ရှိလာခဲ့ကြောင်း နစက မှ ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)တွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ ရုရှားစစ်ရေယာဉ် (၃)စင်းသည် နိုဝင်ဘာလ (၂)ရက်၊ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ရုရှားရေတပ်၏ ဖျက်သင်္ဘော (Destroyer) များဖြစ်သည့် စစ်ရေယာဉ် Admiral Tributs ၊ Admiral Panteleev နှင့် Sea Tanker Pechenga တို့သည် မြန်မာ - ရုရှား ရေကြောင်း လုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန် နှင့် ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ရန်ကုန်မြို့သို့ လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်သင်္ဘောများတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ခန့် လိုက်ပါလာခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
စစ်သင်္ဘောများသည် မြန်မာနိုင်ငံသို့ ပထမအကြိမ် ရောက်ရှိခြင်းဖြစ်ပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်းအပါအဝင် နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်း (Harbour Phase) ဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက် ရုရှား နှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေး ပိုမိုကောင်းမွန်လာခဲ့ကြောင်း တွေ့ရှိရသည်။
ထို့ပြင် ရုရှား နှင့် မြန်မာနိုင်ငံကြား၌ ကာကွယ်ရေး ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အလုံမြို့နယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခု၌ မီးလောင်မှုဖြစ်ပွား
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ