မြန်မာ-တရုတ် နှစ်နိုင်ငံတပ်မတော်ကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားလိုကြောင်း ကာကွယ်ရေးဝန်ကြီးဆို
မျိုးကြီး (NSS) - နိုဝင်ဘာ ၃
မြန်မာ-တရုတ် နှစ်နိုင်ငံတပ်မတော်အကြား ဘက်စုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားလိုကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။
ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်း နှင့် တရုတ်နိုင်ငံ၊ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးကျန်းယိုရှားတို့သည် အောက်တိုဘာလ ၂၉ ရက်တွင် တရုတ်နိုင်ငံ၌ နှစ်နိုင်ငံသီးသန့်တွေ့ဆုံပွဲပြုလုပ်ခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
အဆိုပါတွေ့ဆုံပွဲ၌ နှစ်နိုင်ငံတပ်မတော်ချင်း ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့်အတူ ဆက်လက်ဆောင်ရွက်သွားလိုကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောဆိုဆွေးနွေးခဲ့ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအပေါ် မြန်မာ့တပ်မတော်အနေဖြင့် အထူးအလေးထားကြောင်း နှင့် နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် အပြန်အလှန်သတင်းဖလှယ်ရေးကိုလည်း မြှင့်တင်လုပ်ဆောင်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်လာစေရေးအတွက် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ကူညီပေးသွားမည်ဟု တရုတ်နိုင်ငံ၊ ဗဟိုစစ်ကော်မရှင်ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးကျန်းယိုရှားက ပြောသည်။
ထို့ပြင် နယ်စပ်ဒေသများ၌ လုံခြုံရေးနှင့်တည်ငြိမ်ရေးတို့အတွက် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်သွားမည်ဟုလည်း မျှော်လင့်ကြောင်း ဗိုလ်ချုပ်ကြီးကျန်းယိုရှားက ပြောသည်။
ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်၊ လောက်ကိုင်၊ သိန္နီ၊ ကွတ်ခိုင် စသည့်နေရာတွင် MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် လက်နက်ကိုင်မဟာမိတ်(၃)ဖွဲ့နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိပြီး ချင်းရွှေဟော်၊ ဖောင်းဆိုင် နှင့် ကြူကုတ်မြို့တို့ကို မဟာမိတ်(၃)ဖွဲ့က ထိန်းချုပ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပထမအကြိမ်အဖြစ် မြန်မာ - ရုရှား ရေကြောင်းလုံခြုံရေးဆိုင်ရာ လေ့ကျင့်ခန်းဆောင်ရွက်ရန် ရုရှားစစ်သင်္ဘော(၃)စင်း ရန်ကုန်သို့ ရောက်ရှိနေ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ