မဟာမိတ်(၃)ဖွဲ့က အသုံးပြုသော ဒရော့ဗုံးများထဲ၌ တရုတ်နိုင်ငံထုတ် စာသားများတွေ့ရှိရပြီး ၎င်းမှာ နှစ်နိုင်ငံကြား အထင်လွဲမှားရန် လုပ်ဆောင်ခြင်းဖြစ်ဟု နစကဆို
မြူနစ် (NSS) - နိုဝင်ဘာ ၂
မဟာမိတ်(၃)ဖွဲ့က အသုံးပြုသော ဒရော့ဗုံးများထဲ၌ တရုတ်နိုင်ငံထုတ် စာသားများတွေ့ရှိရပြီး ၎င်းမှာနှစ်နိုင်ငံကြား အထင်လွဲမှားစေရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နေရာအချို့ကို လက်နက်ကိုင်သောင်းကျန်းသူများက ဝင်ရောက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မီဒီယာများကို ရှင်းလင်းပြောကြားရာ၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
MNDAA ဦးဆောင်သောအဖွဲ့သည် ကိုးကန့်ဒေသ၌ လက်စားချေရေးအစီအစဉ်အပါအဝင် အာဏာရရှိရေးအတွက် ယခုကဲ့သို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း နစကပြောခွင့်ရက တုံ့ပြန်ဝေဖန်ထားသည်။
ထို့ပြင် ကျားဖြန့်လုပ်ငန်းများကို တိုက်ဖျက်ရေးအတွက် တိုက်ခိုက်ခြင်းဖြစ်သည်ဟု မဟာမိတ်(၃)ဖွဲ့၏ ပြောဆိုထားမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံတုံ့ပြန်ထားသည်။
“ကျားဖြန့်နဲ့ပတ်သက်ပြီး တိုက်ဖျက်တာတို့ လုပ်နေတယ် ပြောတယ်။ အဲဒီတော့ မေးချင်တာက ကျားဖြန့်နဲ့ပတ်သက်ပြီး ဘာများ တိုက်ဖျက်တာ လုပ်ခဲ့လဲ။ အဓိက သူတို့လုပ်ခဲ့တာသည် MNDAA၊ TNLA၊ AA ဒီအဖွဲ့တွေ လုပ်ခဲ့တာသည် ရပ်ရွာတွေကို ပစ်ခတ်တယ်။ လျှပ်စစ်ဓာတ်အားလိုင်းတွေ ဖောက်ခွဲတယ်။ တံတားတွေကို ဖောက်ခွဲတယ်။ ပြည်သူလူထုရဲ့ လမ်းပန်းဆက်သွယ်ရေးကို ထိခိုက်အောင်လုပ်နေတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
MNDAA ဦးဆောင်သော မဟာမိတ်(၃)ဖွဲ့အနေဖြင့် တရုတ်-မြန်မာနှစ်နိုင်ငံအကြား အထင် အမြင်လွဲမှားမှု ပိုမိုကြီးထွားလာရန် လုပ်ဆောင်မှုများရှိနေသည်ကို တွေ့ရှိရကြောင်းလည်း နစကမှ ပြောသည်။
“ပြီးရင်တော့ ကျွန်တော်တို့က အခုနကပြောတဲ့ ဒရုန်းတွေနဲ့ ဗုံးတွေကြဲတဲ့အခါမှာ တစ်ချို့ ဒရော့ဗုံးတွေကို သိမ်းဆည်းရမိတာရှိပါတယ်။ ကျွန်တော်တို့ သံသယရှိတာက အဲဒီဒရော့ဗုံးတွေမှာ ရေးထားတဲ့ စားသားတွေက တရုတ်စားသားတွေ။ ဘာရေးထားလဲလို့ တရုတ်စာကျွမ်းကျင်သူနဲ့ ဘာသာပြန်တဲ့အခါမှာ တရုတ်ရဲ့အထူးလုပ်ထားသော ကုန်ပစ္စည်းဆိုပြီး တွေ့တယ်။ သာမန်ကြည့်ရင်တော့ နောက်ကွယ်မှာ တရုတ်နိုင်ငံက ရှိနေတယ်လို့ ထင်အောင် သူတို့လုပ်တာဖြစ်ပါတယ်။ သာမန်ကြည့်ရင်တော့ တရုတ်ပြည်သူလူထုနဲ့ မြန်မာပြည်သူလူထုကြား၊ တရုတ်အစိုးရနဲ့ မြန်မာအစိုးရကြား အထင်အမြင်လွှဲမှားအောင်လုပ်နေတာဖြစ်တယ်”ဟု နစကပြောခွင့်ရက ပြောသည်။
ထို့ကြောင့် ၎င်းကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ-တရုတ်နှစ်နိုင်ငံအနေဖြင့် ထိရောက်သည့်ပူးပေါင်းဆောင်ရွက်မှုများကို လက်တွေ့ကျကျ သတိရှိစွာဖြင့် လုပ်ဆောင်သွားရန်လိုအပ်သည်ဟုလည်း ၎င်းက ထပ်မံပြောသည်။
MNDAA၊ TNLA၊ AA မဟာမိတ်(၃)ဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစ၍ (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Nov 2 / 2:45 PM)
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ